ဆယ်ရက်ကြာ သရက်ချောင်းတိုက်ပွဲအတွင်း ဒေသခံ ခုနစ်ဦး သေဆုံး
2024.05.17

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ် ကနက်သီရီကျေးရွာတစ်ဝိုက် မေလ ၈ ရက်နေ့ကနေ ၁၇ ရက်နေ့အထိ ဆယ်ရက်ကြာတိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီး တိုက်ခိုက်မှုတွေကြောင့် အသက်မပြည့်သေးသူ သုံးဦးအပါအဝင် ဒေသခံ ခုနစ်ဦးသေဆုံးခဲ့တယ်လို့ ဒုက္ခသည်တွေကို အကူအညီပေးနေသူတွေက ပြောပါတယ်။
မေလ ၁၆ ရက်နေ့မှာ စစ်ကောင်စီဘက်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ဂုံညှင်းဆိပ်ရွာက အသက် ၁၅ နှစ်အရွယ်ကလေးတစ်ဦး နောက်ထပ် သေဆုံးသွားတာကြောင့် သေဆုံးသူ ခုနစ်ဦးအထိ ရှိလာတယ်လို့ ဒေါနတနင်္သာရီ - စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့က ကိုယောနသံက RFA ကိုပြောပါတယ်။
"မေလ ၁၆ ရက်နေ့က ကနက်သီရိကျေးရွာနဲ့ ရွာချင်းကပ်ကျေးရွာဖြစ်တဲ့ ဂုံညှင်းဆိပ်ကျေးရွာရယ်၊ ကန်ကသီရီရွာရယ်၊ ပြီးတော့ ကတွဲကျေးရွာရယ် စစ်တပ်က MI-2 နဲ့ ပဥ္စမအကြိမ်အနေနဲ့ ဗုံးကြဲတိုက်ခိုက်တာရှိတယ်၊ ဗုံးကြဲတိုက်ခိုက်မှုမှာ ဂုံညှင်းဆိပ်ကျေးရွာက အရပ်သားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အဲဒီနှစ်ဦးထဲကမှ အသက် ၁၅ နှစ်အရွယ် ကလေးတစ်ဦးကကျတော့ မေလ ၁၇ ရက် ဒီနေ့မှာပဲ အသက်ဆုံးရှုံးခဲ့တာ ရှိပါတယ်၊ အခုဆို ခုနစ် ယောက်ရှိပြီဗျ၊ လေကြောင်းဗုံးကြဲမှုမှာ ကနက်သီရိမှာ ငါးယောက်ဆုံးတယ်၊ ဂုံညှင်းဆိပ်မှာက တစ်ယောက်၊ တိုက်ပွဲအတွင်းကိုဖြတ်ပြီး နေအိမ်ကိုသွားတဲ့အချိန်မှာက တစ်ယောက်ထပ်ဆုံးပါတယ်ဗျ။ ဒါကတော့ အတည်ပြုဖို့ ထပ်ပြီးစုံစမ်းနေပါတယ်ခင်ဗျာ။"
သေဆုံးသူ ခုနစ်ဦးထဲမှာ အသက် ၁၆ နှစ်အရွယ် နှစ်ဦး နဲ့ ၁၅ နှစ်အရွယ် တစ်ဦး စုစုပေါင်း သုံးဦးပါဝင်ပြီး ထိခိုက်ဒဏ်ရာရသူ ၂၀ ကျော် ရှိပါတယ်။ မေလ ၈ရက်နေ့ကစပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) မဟာမိတ်ပူးပေါင်းအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ ကနက်သီရိကျေးရွာတစ်ဝိုက် တိုက်ပွဲပြင်းထန်နေတာပါ။
စစ်ကောင်စီရဲ့ လေကြောင်းနဲ့ ရေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာနဲ့ မြေပြင်စစ်ကြောင်းထိုးတာတွေကြောင့် ကနက်သီရိ၊ ကျွဲမင်းကုန်း၊ ကျောက်ခမောက်၊ ရငဲ စတဲ့ ကျေးရွာလေးရွာက အရပ်သား ၅၀၀၀ ကျော် ထွက်ပြေးနေရတယ်လို့လည်း ဒေါတနင်္သာရီ-စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့က ဆိုပါတယ်။ ဒုက္ခသည်တွေဟာ အရေးပေါ်ထွက်ပြေးနေရတာကြောင့် စားနပ်ရိက္ခာ ပြတ်လပ်နေသလို အမိုးအကာနဲ့ ကျန်းမာရေး စောင့်ရှောက်မှုအတွက် ဆေးဝါးလိုအပ်ချက်တွေရှိနေတယ်လို့လည်း ပြောပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ တနင်္သာရီတိုင်း ပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးသက်နိုင်နဲ့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
တနင်္သာရီတိုင်းမှာ တိုက်ပွဲတွေ ပိုပြင်းထန်လာတာကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရသူဦးရေ မြင့်တက်လာပြီး စစ်ဘေးဒုက္ခသည် ခြောက်သောင်းနီးပါးအထိရှိလာပြီလို့ တနင်္သာရီတိုင်းအခြေစိုက် သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ FE5 Tanintharyi က မေလ ၁၇ ရက်နေ့မှာ RFA ကို ပြောပါတယ်။