ပုလောမြို့က စရဖရုံးကို PDF တွေ ဝင်ရောက်စီးနင်း
2025.01.07

တနင်္သာရီတိုင်း ပုလောမြို့ပေါ်က စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) ရုံးကို ပြည်သူ့ကာကွယ်ရေးတပ်တွေက ဝင်ရောက်စီးနင်းပြီး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) မြိတ်ခရိုင် အမှတ်(၁)တပ်ရင်းက ဇန်နဝါရီလ ၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ပုလောမြို့ပေါ်က စရဖရုံးကို အငိုက်ဝင်ရောက်စီးနင်းခဲ့တာလို့ PDF မြိတ်ခရိုင် အမှတ် ၁ တပ်ရင်းက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
"စရဖရုံးကို သိမ်းတယ်ဆိုတာထက် အငိုက်ဖမ်းပြီး ဝင်ရောက်စီးနင်းတာမျိုးပါဗျ။ ဇန်နဝါရီလ ၆ ရက်နေ့ ည ၁၁ နာရီလောက်မှာ ပုလောမြို့ အမှတ် (၂) ရပ်ကွက်မှာရှိတဲ့ စရဖရုံးကို ကျွန်တော်တို့ တပ်ဖွဲ့ဝင်တွေ တိတ်တဆိတ် ဝင်ရောက်ခဲ့တယ်။ ကျွန်တော်တို့က စပြီး ရုံးထဲ RPG နဲ့ ပစ်တယ်။ အဲဒီမှာ လုံခြုံရေးယူနေတဲ့ စစ်ကောင်စီစစ်သား လေးဦးက သေနတ် ၆ ချက်ခန့် ဖောက်ပြီး ထွက်ပြေးသွားတာက လွဲလို့ ခုခံမှု တစ်စုံတစ်ရာ မကြုံလိုက်ရပါဘူး"
စရဖရုံးကနေ ကျည်ဘောက် နှစ်ခု၊ ကျည်ဆံ ၁၀၀ နဲ့ စာရွက်စာတမ်းတွေ သိမ်းဆည်းရမိပြီး စာရွက်စာတမ်းပါ အချက်အလက်တွေကို စစ်ဆေးနေတယ်လို့လည်း ပြောပါတယ်။
စစ်ကောင်စီရဲ့ စရဖရုံးစီးနင်းခံရတယ်ဆိုတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီ တနင်္သာရီတိုင်းပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးသက်နိုင်ကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
ဇန်နဝါရီလ ၆ ရက်နေ့ကလည်း ပုလောမြို့နယ် ပါဒစက်တော်ရာနားမှာ ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့ (KNDO) ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်အကြား ပစ်ခတ်မှု ရှိခဲ့တယ်လို့လည်း ပြောပါတယ်။
ပုလောမြို့နယ် မြိတ်-ထားဝယ် ပြည်ထောင်စုလမ်းမကြီးပေါ်မှာရှိတဲ့ ရွာတွေကအရပ်သားတွေဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလမှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေကတည်းက အခုထိ နေရပ်မပြန်နိုင်သေးပါဘူးလို့လည်း ဆိုပါတယ်။ လက်ရှိအချိန်ထိ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီအကြား အပြန်အလှန် ဒရုန်းတွေနဲ့ တိုက်ခိုက်တာတွေရှိနေတယ်လို့လည်း ပြောပါတယ်။