ဘုတ်ပြင်းနဲ့ ရေဖြူက စစ်ကောင်စီတပ်စခန်းနှစ်ခုကို ဒေသကာကွယ်ရေးအဖွဲ့တွေ သိမ်းဆည်း
2024.03.23

တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ် ဘန်ဂလောကျေးရွာအနောက်ဘက်က စစ်ကောင်စီတပ်ရဲ့ မိုက်ကလိုဝေ့ တာဝါတိုင်တောင်ကုန်းစခန်းကို မတ်လ ၂၂ ရက်နေ့မှာ သိမ်းယူနိုင်ခဲ့တယ်လို့ Flying Star Force ဘုတ်ပြင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က မတ်လ ၂၃ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
ကော်သူးလေတပ်မတော် KTLA နဲ့ ပူးပေါင်းပြီး မတ်လ ၂၂ ရက်နေ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး သိမ်းယူနိုင်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးပစ်ကူတွေပေးပေမဲ့ ပူးပေါင်းအဖွဲ့တွေဘက်က သိမ်းယူနိုင်ခဲ့ချိန်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် အများစုက စခန်းကို စွန့်ခွာထွက်ပြေးသွားတယ်လို့လည်း ဆိုပါတယ်။
မတ်လ ၂၃ ရက်နေ့ကပဲ တနင်္သာရီတိုင်း ရေဖြူမြို့နယ် မင်းသားရွာက စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးအဖွဲ့ဝင်တွေရှိတဲ့ စစ်စခန်းကို ဒေါနစစ်ကြောင်းနဲ့ မဟာမိတ်တပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်ပြီး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေါနစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။
ဒီမင်းသားရွာစခန်းမှာ စစ်ကောင်စီတပ်သား ၁၅ ဦးအပါအဝင် အင်အားစုစုပေါင်း ၇၀ ခန့်ရှိပြီး ဒီစခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က ဆယ်ဦးကျော် သေဆုံးခဲ့ပြီး မဟာမိတ်အဖွဲ့တွေဘက်က တစ်ဦး သေဆုံးခဲ့တယ်လို့ ရေးသားထားပါတယ်။
ဒီစခန်းတွေ သိမ်းခံရတယ်ဆိုတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ ထားဝယ်မြို့နယ်က ကျောက်ထုတပ်စခန်းကို ဒေသကာကွယ်ရေးအဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်နိုင်ပြီး ဖေဖော်ဝါရီလဆန်းမှာ အမှတ် (၈) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်နားက စစ်ကောင်စီစခန်းကုန်းတွေကို သိမ်းပိုက်ခဲ့ကြသလို ဖေဖော်ဝါရီလကုန်ပိုင်းမှာတော့ မေတ္တာမြို့ရဲစခန်းနဲ့ ဟိန္ဒားရွာက စစ်ကောင်စီ စခန်းကုန်းတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက RFA ကို ပြောထားပါတယ်။