တောင်ကြီးမြို့မှ ဗုံးပေါက်ကွဲမှု ရဲသားနှစ်ဦး ဒဏ်ရာရ
2014.10.05

ရှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ အရှေ့ပိုင်း စစ်ဌာနချုပ်၊ ဆက်သွယ်ရေးတပ်နဲ့ ယာဉ်ထိန်း ရဲစခန်းရှေ့မှာ မနေ့ညက ဗုံးသုံးလုံး ပေါက်ကွဲခဲ့ တာကြောင့် ယာဉ်ထိန်းရဲနှစ်ဦး လက်မောင်း နဲ့ ခြေထောက်တွေမှာ ဒဏ်ရာရရှိခဲ့တဲ့အတွက် စဝ်စံထွန်းဆေးရုံမှာ အတွင်းလူနာအဖြစ် ဆေးဝါး ကုသမှုခံယူနေရပါတယ်။
အဲဒီဗုံးတွေဟာ မနေ့ည ၁ဝ နာရီ ၄၅ မိနစ်ကစပြီး ဆက်တိုက်ဆိုသလို ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။
တန်ဆောင်တိုင်ပွဲတော်ကာလ နီးကပ်ချိန်မှာ အခုလိုဖြစ်ပွားခဲ့တဲ့အတွက် မြို့ခံတွေက အထူးစိုးရိမ်နေကြတယ် လို့ တောင်ကြီးမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဦးတင်မောင်တိုးက ပြောပါတယ်။
" တောင်ကြီး တန်ဆောင်တိုင်ပွဲကလည်း ဒီလ ၃၀ ရက်နေ့ ဖွင့်ပွဲဆိုတော့ ရက်ပိုင်းလေးပဲလိုတော့တယ်၊ ဒီမှာ ဗုံးကလည်း ၃ လုံးလောက် ကွဲတာဆိုတော့ မြို့ကတော့ နည်းနည်းတော့ ထိတ်လန့်တာပေါ့နော်၊ ရပခ ရှေ့မှာတော့ တပ်ရော၊ ရဲရော လုံခြုံရေးတွေ ချထားတာတွေ့တယ်လေ လုံခြုံရေးတော့တိုးထားတယ်၊ မီးပုံး ပျံလွှတ်တဲ့နေ့ဆို ယမ်းတွေဘာတွေ ဆိုင်းရင်းနဲ့လည်း ကွဲတက်တယ်လေ တစ်ခါတစ်လေအဲ့ဒါ၊ တချို့တွေက အခုမနက်မှ သိကြတာ"
အရှေ့ပိုင်းစစ်ဌာနချုပ်အနီးမှာလဲ မနေ့ညက မပေါက်ကွဲသေးတဲ့ ဗုံး နှစ်လုံးကို တွေ့ရှိခဲ့ပါသေးတယ်။
တောင်ကြီးမြို့မှာ ဒီကနေ့ လုံခြုံရေးအင်အား တိုးမြှင့်ထားတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကို ဒီလ ၃၀ ရက်နေ့မှာ စတင်ကျင်းပမှာဖြစ်ပြီး ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက လည်း တောင်ကြီးမြို့ပေါ်က ဗလီဆရာတစ်ဦးရဲ့အိမ်မှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ဖူးတယ်လို့ ဦးတင်မောင်တိုးက ပြောပါတယ်။