သထုံခရိုင်မှာ သုံးရက်အတွင်း တိုက်ပွဲ ခြောက်ကြိမ်ဖြစ်၊ ဒေသခံ ၂၀၀၀ လောက် ထွက်ပြေးရ

ဒီဇင်ဘာလ ၂၂ ရက်နေ့ ကနေ ၂၄ ရက်အတွင်း ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်ရာ သထုံခရိုင် ထဲမှာ ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ စစ်ကောင်စီ တပ်တွေအကြား တိုက်ပွဲ ခြောက်ကြိမ် ဖြစ်ပွားခဲ့တယ်လို့ KNU က မနေ့ကပဲ သတင်း ထုတ်ပြန်ပါတယ်။ ဒီဇင်ဘာ၂၄ ရက် ညနေ ၂ နာရီ မှာ KNLA နဲ့ ပူးပေါင်းတပ်ဖွဲ့တို့တွေဟာ ဖားအံမြို့နယ်၊ ကျုံမသွယ် အုပ်စု၊ ဝတ်ကြီးရဲစခန်းမှာ တစ်ကြိမ်၊ ညနေ ၄ နာရီခွဲမှာ ကျုံမသွယ်အုပ်စု၊ နို့ဖိုးမိုက ခမရ (၄၀၉) မှာတစ်ကြိမ် တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီဇင်ဘာလ ၂၃ ရက်နေ့ ည ၇ နာရီလောက်မှာ သထုံမြို့နယ် ဝီယော်ရွာက စစ်ကောင်စီစခန်းမှာ KNLA တပ်ရင်း (၂) ပူးပေါင်းတပ်ဖွဲ့နဲ့ တိုက်ပွဲဖြစ်ခဲ့ပါတယ်။ ဒီဇင်ဘာလ ၂၂ ရက် မနက် ၁၁ နာရီလောက်မှာ ကျိုက်ထိုမြို့နယ်၊ အင်ဂဘိုရွာနားမှာ တစ်ကြိမ်၊ ခမရ (၄၀၇) နဲ့ သထုံမြို့နယ်၊ ဆောဘိနားမှာ တစ်ကြိမ် တိုက်ပွဲဖြစ်ခဲ့ပြီး အဲဒီမှာ စစ်ကောင်စီတပ်ဘက်က ငါးဦး သေ၊ ခြောက်ဦး ဒဏ်ရာရခဲ့ပြီး KNLA ဘက်ကတော့ ထိခိုက်မှုမရှိဘူးလို့ ဆိုပါတယ်။
ညနေ ၃ နာရီ ခွဲမှာတော့ စစ်ကောင်စီရဲ့ ခလရ - ၂ စခန်းမှာ တစ်ကြိမ် တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ် ဘက်က တစ်ဦး ဒဏ်ရာရခဲ့တယ်လို့ KNU ကဆိုပါတယ်။ အဲဒီ တိုက်ပွဲတွေကြောင့် ဘီးလင်း မြို့နယ်အတွင်း က ဒေသခံ ၂၀၀၀ လောက် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင် နေရတယ်လို့ KNU က သတင်းထုတ်ပြန် ပါတယ်။
ဒီလို တိုက်ခိုက်သေဆုံးမှုတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က တုံ့ပြန်မှုကို သိနိုင်အောင် စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFAက ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။