စစ်ကောင်စီလက်နက်ကြီး ရွာထဲကျလို့ သံတွဲဒေသခံ ကိုးဦးသေဆုံး

RFA Burmese
2024.05.14
စစ်ကောင်စီလက်နက်ကြီး ရွာထဲကျလို့ သံတွဲဒေသခံ ကိုးဦးသေဆုံး ရခိုင်ပြည်နယ်၊ သံတွဲမြို့အား တွေ့ရစဥ်။
RFA

ရခိုင်ပြည်နယ် သံတွဲမြို့နယ် မြောက်ဘက် သူဌေးချောင်းရေအားလျှပ်စစ်စီမံကိန်းအနီးမှာရှိတဲ့ လင်းသီရွာကို စစ်ကောင်စီတပ်က မေလ ၁၄ ရက်နေ့ညမှာ လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့် လင်းသီရွာဒေသခံ ကိုးဦးသေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီက ညခုနစ်နာရီဝန်းကျင်မှာ လက်နက်ကြီးနဲ့ဆက်တိုက်ပစ်ခတ်ခဲ့တာကြောင့် လင်းသီရွာက နေအိမ်တွေပေါ် လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့လို့ ခုနစ်ဦးပွဲချင်းပြီး သေဆုံးခဲ့တဲ့အပြင် ဒဏ်ရာပြင်းထန်သူသုံးဦးကို ဆေးရုံပို့ဆောင်ကုသပေးနေချိန် နှစ်ဦးထပ်မံသေဆုံးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

လင်းသီရွာမှာ တိုက်ပွဲဖြစ်တာမရှိဘဲ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာလို့ လင်းသီရွာခံတစ်ဦးက ပြောပါတယ်။

“ပထမတော့ ကျောင်းကုန်းဘက် အုန်းမော်တောင်ဘက်ကို အရင်ကျတယ်။ ပြီးမှ လင်းသီကိုကျတယ်။ ထွက်ပြီးကြည့်လိုက်သေးတယ်။ တစ်မိုင်မရှိတစ်ရှိဝေးတဲ့နေရာကို အမြဲချနေတာလေ။ AA ရှိတယ်ဆိုပြီး အဲနေရာကို နေ့တိုင်းပစ်နေကြ။ ကျွန်တော်တို့ မိသားစုက ထမင်းစားနေတယ်။ မိသားစုက လေးယောက်။ ထမင်းစားနေတော့လေးလုံးတွဲက တစ်ခါထဲလာတယ်။ ရွာပတ်ဝန်းကျင်ကိုပဲ ကျနေကြတယ်။ ထမင်းပန်းကန်ကိုထားပြီး ဗုံးခိုကျင်းထဲ သမီးနှစ်ယောက်ကိုခေါ်ပြီး အားနဲ့ဆင်းပြေးရတယ်။”

လက်နက်ကြီးကျရောက်ပေါက်ကွဲတာကြောင့် ထိခိုက်သေဆုံးသူတွေပိုများလာနိုင်ပြီး ဒဏ်ရာရသူအရေအတွက်ကိုတော့ အတိအကျမသိရှိရသေးဘူးလို့ ဆိုပါတယ်။လက်ရှိမှာတော့ ဒေသခံတွေဟာ အနီးအနားက ပြင်ရောင်း၊ ပေါက်တောကျေးရွာတွေကို ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။

ပြီးခဲ့တဲ့ ဧပြီလက စတင်ပြီး သံတွဲမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲပြင်းထန်ပြီး သူဌေးချောင်း ရေအားလျှပ်စစ် စီမံကိန်းအနီးမှာရှိတဲ့ရေကောက်၊ ပုရစ်၊ ဒေါ်မြ စတဲ့ရွာတွေအပါအဝင် ရွာဆယ်ခုကျော်က ဒေသခံတစ်သောင်းကျော်ဟာ သံတွဲ၊ တောင်ကုတ်မြို့တွေနဲ့ နီးစပ်ရာရွာတွေကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လင်းသီရွာတံတားဦးမှာ အထိုင်ချတပ်စခန်းနေရာယူထားပြီး လင်းသီနဲ့ ခုနစ်မိုင်လောက်ဝေးတဲ့ ကွေ့ချောင်းနဲ့ရေစဥ်ကြားမှာ နေ့စဉ်လိုလိုတိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီ လက်နက်ကြီးကြောင့် ဒေသခံပြည်သူတွေ ထိခိုက်သေဆုံးရတာနဲ့ပတ်သက်ပြီး ရခိုင်ပြည်နယ် စစ်ကောင်စီပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားတာမရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။