လမ်းကြောင်းတွေ အပိတ်ခံထားရတဲ့ သံတွဲမှာ ဆေးဝါးနဲ့ စားသောက်ကုန် ပြတ်လပ်နေ
2024.04.28
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်ထဲက ရေလမ်းကြောင်းနဲ့ ကုန်းလမ်းကြောင်းကို စစ်ကောင်စီတပ်က ပိတ်ထားတာ ကြာလာတာကြောင့် အခြေခံဆေးဝါးနဲ့ စားသောက်ကုန်စည်တွေ ပြတ်လပ်နေပြီး ဒေသခံတွေအတွက် အခက်အခဲဖြစ်နေပြီလို့ သံတွဲမြို့ခံတွေက ပြောပါတယ်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလကတည်းက သံတွဲမြို့နယ်ရဲ့ မြို့အဝင်အထွက်တွေကို ပိတ်လိုက်ပြီးနောက်ပိုင်း ကုန်စည်နဲ့ ဆေးဝါးပြတ်လပ်မှုတွေ ကြုံနေရတာလို့ ဆိုပါတယ်။
ဆေးဝါးပြတ်လပ်မှုကြောင့် အသက်ကြီးတဲ့ ကျန်းမာရေး မကောင်းသူတွေ၊ ကိုယ်ဝန်ဆောင်နဲ့ ကလေးငယ်တွေအတွက် ဆေးဝါးအခက်အခဲတွေဖြစ်နေပြီလို့ သံတွဲမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
"ကျွန်မသောက်နေကျ Marvelon သားဆက်ခြားဆေး တစ်ကဒ်ကို အရင်က တစ်သောင်းပဲပေးရတာ။ အခု လေးသောင်းတောင် ပေးရတယ်။ ဒါတောင် တစ်မြို့လုံးက ဆေးဆိုင်အကုန်မေးတာ နှစ်ကဒ်ပဲရှိတယ်။ အကိုက်အခဲပျောက်ဆေးဆိုလည်း တစ်လုံး ၁၅၀၀ လောက် ပေးဝယ်ရတယ်။ ဒါတောင် အမြဲမရဘူး"
ရက္ခိုင့်တပ်တော် (AA) ကို ဆေးဝါးပစ္စည်းတွေ ထောက်ပံ့နေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ကောင်စီဘက်က ဆေးဝါးတွေကို တင်းတင်းကျပ်ကျပ် စစ်ဆေးနေတာလို့ ဆိုပါတယ်။
သံတွဲမြို့ကို လေကြောင်းကနေ ဆေးပစ္စည်းတချို့သယ်ယူရင်လည်း သံတွဲလေဆိပ်လမ်းမပေါ် ငပလီလမ်းဆုံအနီးမှာ အထိုင်ချထားတဲ့ စစ်ကောင်စီရဲ့ ခမရ (၅၆၆) နဲ့ ခလရ (၅၅) ဂိတ်စခန်းတွေကနေ စစ်ဆေးသိမ်းဆည်းတာရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီအပေါ်တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်မှုပြင်ပရောက်နေတာကြောင့် ဆက်သွယ်လို့ မရခဲ့ပါဘူး။
လက်ရှိလည်း သံတွဲမြို့နယ်အတွင်းက ရွှေလှေ၊ မြယာ၊ ပုရစ်ရွာနဲ့ ရေကောက်ရွာတို့မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။