သံတွဲက စစ်ဘေးဒုက္ခသည် သုံးထောင်ကျော် ဆေးဝါးပြတ်လပ်နေ

RFA Burmese
2024.06.15
သံတွဲက စစ်ဘေးဒုက္ခသည် သုံးထောင်ကျော် ဆေးဝါးပြတ်လပ်နေ ရခိုင်ပြည်နယ် သံတွဲမြို့နယ်အတွင်းက စစ်ဘေးဒုက္ခသည်များအား ၂၀၂၄ ခုနှစ် ဇွန်လ ၁၅ ရက်နေ့က တွေ့ရစဉ်။
Dwarawaddy-Sandoway

ရခိုင်ပြည်နယ် သံတွဲမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲတွေနဲ့ စစ်ကောင်စီလေကြောင်းကနေ တိုက်ခိုက်တာကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရတဲ့ အရပ်သား သုံးထောင်ကျော်ဟာ အရေးပေါ်ဆေးဝါးနဲ့ စားနပ်ရိက္ခာလိုအပ်နေတယ်လို့ စစ်ဘေးဒုက္ခသည်တွေက ပြောပါတယ်။

လမ်းပိတ်ထားတော့ ဆေးဝါး အဓိကပြတ်နေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စစ်ဘေးဒုက္ခသည်တစ်ဦးက RFA ကို ပြောပါတယ်။

"အဓိကလိုအပ်တာက ဆေးဝါးလိုအပ်တာပေါ့၊ ဆေးတွေက ပြတ်လပ်နေတယ်၊ လမ်းတွေလည်းပိတ်ထားတော့၊ ဘယ်မှဝယ်မရဘူး၊ သက်ကြီးပိုင်းတွေ၊ ကျောက်ကပ်သမားတွေလည်းရှိတော့၊ ကလေးတွေမှာလည်း အနာပေါက်နေတာလည်းရှိတော့ ဆေးလိုအပ်နေတယ်၊ အဓိက ဆေးဝါးလိုမယ်၊ စားနပ်ရိက္ခာလိုမယ်၊ စားနပ်ရိက္ခာက ဘေးနားရွာတွေက လှူတာ၊ အလှူရှင်တချို့က လှူတာတွေရှိပြီး ဆေးဝါးကတော့ ဘယ်မှာမှ ရှာမဘူး"

စစ်ဘေးဒုက္ခသည်စခန်း ၁၇ ခုမှာ စစ်ဘေးဒုက္ခသည် ၁၈၀၀ ကျော်လောက်ရှိပြီး နီးစပ်ရာဆွေမျိုးအိမ်တွေနဲ့ ဘေးလွတ်ရာနေရာတွေ ရွှေ့ပြောင်းနေကြသူ ၁၆၀၀ လောက်ရှိတာကြောင့် စုစုပေါင်း အိုးအိမ်စွန့်ခွာထွက်ပြေးရသူ သုံးထောင်ကျော် ရှိနေပါတယ်။

အဲဒီထဲမှာ ရွှေလှေတိုက်နယ်က စစ်ဘေးရှောင်လာသူတွေ၊ ဂေါ့ကျေးရွာက ၈၀၀ နဲ့ လေယာဉ်ကနေဗုံးကြဲတိုက်ခိုက်ခံရတဲ့ ဆင်ခေါင်းကျေးရွာက ဒေသခံအများစုပါဝင်ပါတယ်။ စစ်ကောင်စီက လမ်းတွေပိတ်ထားတာကြောင့် ဆေးဝါးတွေပြတ်လပ်နေတယ်ဆိုတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

ပြီးခဲ့တဲ့ ဇွန်လ ၂ ရက်နေ့ညနေက ငပလီကမ်းခြေအနီးက ဂေါ့ကျေးရွာနားမှာ စစ်ကောင်စီတပ်နဲ့ AA တိုက်ပွဲတွေဖြစ်တာကြောင့် ဒေသခံတွေဟာ နီးစပ်ရာဘုန်းကြီးကျောင်းတွေ၊ ဟိုတယ်တွေမှာ ခိုလှုံခဲ့ရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ ဒီလူတွေကို ဇွန်လ ၁၀ ရက်နဲ့ ၁၁ ရက်နေ့တွေမှာ AA ဘက်က ကယ်ထုတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

ဆင်ခေါင်းရွာကို ဇွန်လ ၄ ရက်နေ့မှာ စစ်ကောင်စီတပ်က လက်နက်ကြီး၊ ဒရုန်း၊ ဂျက်တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲခဲ့တာကြောင့် အရပ်သား ၁၄ ဦး သေဆုံးခဲ့ပြီး ၂၄ ဦး ဒဏ်ရာရခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA) က ဇွန်လ ၁၀ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

သံတွဲမြို့နယ်မှာ ဧပြီလ ၂၂ ရက်နေ့ကစပြီး စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးသုံး ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ပြီးခဲ့တဲ့ မေလတစ်လအတွင်းမှာ အရပ်သား ၂၃ ဦးသေဆုံးပြီး ငါးဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။