သံတွဲမြို့ ရေပြန်ကျသွားပေမယ့် ဒေသခံတွေ စားဝတ်နေရေး အခက်အခဲဖြစ်နေ

2021.07.28
သံတွဲမြို့ ရေပြန်ကျသွားပေမယ့် ဒေသခံတွေ စားဝတ်နေရေး အခက်အခဲဖြစ်နေ သံတွဲမြို့မှာ တစ်မြို့လုံးနီးပါး ရေနစ်မြုပ်ခဲ့ပြီး ၂၀၂၁ ဇူလိုင် ၂၈ ရက်နေ့က ရေပြန်ကျသွားခဲ့ချိန် မြင်ရစဉ်
Photo: CJ

ရခိုင်ပြည်နယ် သံတွဲမြို့မှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် ဇူလိုင် ၂၇ ရက် မနေ့က တစ်မြို့လုံးနီးပါး ရေနစ်မြုပ်ခဲ့ပြီး ဒီနေ့မနက်က ရေပြန်ကျသွားပေမယ့် ဒေသခံတွေ စားဝတ်နေရေး အခက်အခဲဖြစ်နေတယ်လို့ ဒေသခံတွေနဲ့ ကူညီဆောင်ရွက်ပေးနေတဲ့သူတွေက RFA ကိုပြောပါတယ်။

နေအိမ်တွေလည်း ပျက်စီးသွားကြသလို၊ တစ်မြို့လုံးနီးပါး နွံတွေတင်ကျန်နေတာ တွေ့ရတယ်လို့ ကူညီဆောင် ရွက်ပေးနေတဲ့ ကိုကျော်စိုးသူက RFA ကို ပြောပါတယ်။

အခုလက်ရှိ ကိုကျော်စိုးသူ ရောက်ရှိနေတဲ့ သံတွဲမြို့ အံတော်ရပ်ကွက်မှာဆိုရင် နေအိမ် ၁၅ လုံးခန့် ပျက်စီး သွားပြီး ဒေသခံတွေဟာ စားဝတ်နေရေးအပြင် သောက်သုံးရေအခက်အခဲ ဖြစ်နေတယ်လို့လည်း ဆိုပါတယ်။

သံတွဲမြို့ခံတစ်ဦးဖြစ်တဲ့ ကိုမင်းခန့်ကလည်း သူ့ရဲ့ နေအိမ်နဲ့ ဓာတ်ပုံဆိုင် ပျက်စီးသွားလို့ ငွေကျပ်သိန်း ၃၀ လောက်အထိ ပျက်စီးသွားပြီး တခြားသူတွေရဲ့ အိမ်တွေလည်း ပျက်စီးသွားတာ တွေ့ရတယ်လို့ ဆိုပါတယ်။

ရေစတင်နစ်မြုပ်ခဲ့တဲ့ ဇူလိုင်လ ၂၆ ရက်နေ့ကတည်းက လျှပ်စစ်မီးတွေ ပြန်မရကြသေးသလို စားဖို့သောက်ဖို့ အတွက်ပါ တော်တော်လေးကို အခက်အခဲဖြစ်နေတယ်လို့လည်း ဆိုပါတယ်။

ရေကြီးမှုဒဏ် ၂ ရက်လောက်ခံလိုက်ရတဲ့ ဒေသခံတွေ အခက်အခဲဖြစ်နေတာနဲ့ ပတ်သက်လို့ သံတွဲမြို့ မီးသတ် တပ်ဖွဲ့က တပ်ကြပ် ရန်နိုင်ထွန်းကို RFA ကဆက်သွယ်မေးမြန်းခဲ့ရာမှာ အလက်ရှိ မီးသတ်တပ်အဖွဲ့အနေနဲ့ သံတွဲဆေးရုံအပါအဝင် မြို့တွင်းထဲမှာလည်း ကူညီပေးနေဆဲလို့ပြောပါတယ်။

ရေနစ်မြုပ်တာကြောင့် သံတွဲတစ်မြို့လုံးမှာ ဘယ်လောက်အထိ ပျက်စီးဆုံးရှုံးသွားလဲဆိုတာကိုတော့ မသိရ သေးဘူးလို့လည်း ဆိုပါတယ်။

သံတွဲမြို့မှာ မနေ့က တစ်မြို့လုံးနီးပါး ရေနစ်မြုပ်ခဲ့တာကြောင့် အိမ်ထောင်စု နှစ်ရာကျော် လူဦးရေ တစ်ထောင်ကျော်ဟာ ကုန်းမြင့်မှာရှိတဲ့ ဘုန်းကြီးကျောင်းတွေနဲ့ တခြားနီးစပ်ရာနေရာတွေကို ထွက်ပြေးခဲ့ရတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။