ဒုက္ခရောက် ရွာသားတွေခိုလှုံနေတဲ့ ဘုန်းကြီးကျောင်းကို ဖယ်ရှားခိုင်း

သမီးလေးကျေးရွာအပါအဝင် ပြောင်းရွှေ့ခံရတဲ့ရွာတွေ က ကျေးရွာသူ ရွာသား ၃ဝဝ ကျော်လောက်ကို နေထိုင် ခွင့်ပေးထားခဲ့တဲ့ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် အလံနီကျေးရွာက အောင်သိဒ္ဓိဘုန်းတော်ကြီး ကျောင်းကို မနေ့ကညပိုင်းက ပဲခူးမြို့နယ် ဆည်မြောင်းဦးစီးဌာနက အလံနီဆည်နယ်နမိတ်အတွင်းမှာ ရှိတာကြောင့် ဖယ်ရှားပေးဖို့ အကြောင်းကြားခဲ့ပါတယ်။
အရင်ကလည်း အောင်သိဒ္ဓိဘုန်းကြီးကျောင်း ရွှေ့ပေးဖို့ အသိပေးတာ ရှိခဲ့ပေမဲ့ သမီးလေးကျေးရွာ အပါအဝင် ရွာသားတွေ DKBA ရဲ့အစီအစဉ်အတိုင်း လိုက်သွားဖို့ပြင်ဆင်နေချိန်မှာ အခုလို တရားဝင်စာပို့ အကြောင်းကြားတာလို့ အောင်သိဒ္ဓိကျောင်း ဆရာတော် ဦးအဂ္ဂဓမ္မက မိန့်ပါတယ်။
" ဗိုလ်မှူးကြီး စန်းအောင်တို့ နယ်မြေထဲမှာ နေရာ ထိုင်ခင်းတွေပေးတယ်၊ အလုပ်အကိုင်တွေပေးတယ် အဲ့လိုအချိန်မျိုးကျမှ အခုမှတော့ တရားဝင်စာရောက်လာတယ်ပေါ့နော်၊ ဥပဒေအရ ပေတစ်ထောင်အတွင်းမှာ ဆည်မြောင်းဧရိယာနဲ့ မလွတ်ဘူး၊ဖယ်ရှားဆောက်လုပ်ပေးဖို့ပေါ့နော်၊ ဆည်ဆောက်တဲ့အချိန်မှာ ကျောင်းနဲ့ ဘုရားဟာ ဆည်နဲ့မလွတ်ဘူး၊ ဧရိယာထဲပါတယ် ဒါပေမဲ့လို့ အထက်ကတာဝန်ရှိတဲ့ အဲ့ဒီတုန်းကလူကြီးတွေ လာကြည့်ပြီးတော့ ဆည်စီမံကိန်း တစ်ခုလုံးကိုတော့ ပြောင်းရွေ့ပြီတော့ ကျောင်းနဲ့ဘုရားကို ချန်ပေးခဲ့တယ်"
ဒီလိုဘုန်းတော်ကြီးကျောင်းပြောင်းရွှေ့ခိုင်းတာနဲ့ပတ်သက်ပြီး သက်ဆိုင်ရာကို စာပို့တင်ပြတောင်းဆို သွားမယ်လို့ ဆရာတော်က မိန့်ပါတယ်။
အောင်သိဒ္ဓိဘုန်းကြီးကျောင်းဟာ အလံနီဆည်ဘေးနားမှာ ရှိပြီး အဲဒီနားက ကျေးရွာတွေက ကလေးတွေကို အလယ်တန်းပညာရေး ပြီးဆုံးအောင် သင်ကြားပေးနေတဲ့ စာသင်ကျောင်းလည်း ရှိပါတယ်။