ဦးပညာဇောတကို စစ်ကောင်စီတရားရုံးက ထောင်နှစ်ရှည်ချမှတ်နိုင်တဲ့ ပုဒ်မနှစ်ခုနဲ့ ထပ်တိုးအမှုဖွင့်
2025.01.21

အမေရိကန်နိုင်ငံသားခံယူထားသူ ရွှေဝါရောင်ဆရာတော် ဦးပညာဇောတကို စစ်ကောင်စီရဲ့ မင်္ဂလာဒုံခရိုင်တရားရုံးက ထောင်ဒဏ် နှစ်ရှည်ချမှတ်နိုင်တဲ့ ပုဒ်မတွေဖြစ်တဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (ည)၊ ၅၂ (က) တို့နဲ့ ထပ်မံတရားစွဲလိုက်တယ်လို့ အင်းစိန်ထောင် တရားရုံးနဲ့ နီးစပ်သူတွေက RFA ကို ဇန်နဝါရီလ ၂၂ ရက်နေ့မှာ ပြောပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တရားရုံးနဲ့ နီးစပ်သူတစ်ဦးကလည်း ဦးပညာဇောတဟာ ထပ်တိုးပုဒ်မနဲ့ တရားစွဲခံထားရပြီး ပုဒ်မသုံးခုထဲက နှစ်ခုကို အတည်ပြုနိုင်တယ်လို့ RFA ကို ပြောပါတယ်။
“ပုဒ်မ နှစ်ခုပေါ့။ တကယ်တမ်းတော့ ကျွန်တော်ကြားတာ သုံးခုလို့ကြားတယ်။ အကြမ်းဖက် တိုက်ဖျက်ရေးပုဒ်မ ၅၀ (ဈ) လည်းပါတယ်ကြားတယ်။ ဒါပေမဲ့ အဲဒါက မသေချာဘူး ပုဒ်မနှစ်ခုကတော့ သေချာတယ်။ ဒီပုဒ်မတွေနဲ့ ဘယ်နေ့က ထပ်စွဲလိုက်တယ်။ ဘယ်နေ့မှာ ရုံးထုတ်ဖို့ရှိတယ်ဆိုတာတော့ စုံစမ်းနေတုန်းပါ”
ဆရာတော်ကို ထပ်မံစွဲဆိုတဲ့ ပုဒ်မတွေအထဲ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မဖြစ်တဲ့ ပုဒ်မ ၅၀ (ည) ဟာ ထောင်ဒဏ် ၁၀ နှစ်ကနေ တစ်သက်တစ်ကျွန်းအထိ ကျနိုင်တဲ့ပုဒ်မဖြစ်ပြီး အကြမ်းဖက်အဖွဲ့တွေကို တစ်နည်းနည်းနဲ့ ထောက်ပံ့တာ၊ အားပေးတာ၊ ထောက်ခံတာလုပ်တဲ့သူတွေကို စွဲလေ့ရှိတဲ့ ပုဒ်မဖြစ်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
နောက်ထပ် ပုဒ်မတစ်ခုဖြစ်တဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၂ (က) ကလည်း ထောင်ဒဏ် ၃ နှစ်ကနေ ၇ နှစ်အထိချမှတ်နိုင်တဲ့ ပုဒ်မဖြစ်ပြီး အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်တာ၊ စည်းရုံးတာ၊ အကြမ်းဖက်အဖွဲ့အစည်းတွေရဲ့ လုပ်ငန်းတွေကို လုပ်ကိုင်ပေးတဲ့သူတွေကို စွဲလေ့ရှိတယ်လို့ ဆိုပါတယ်။
လက်ရှိမှာ ဦးပညာဇောတကို စစ်ကောင်စီက ဆူပူလှုံ့ဆော်မှု ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅-က၊ လဝက အက်ဥပဒေတို့နဲ့ တရားစွဲဆိုထားပြီး အင်းစိန်ထောင်တွင်း အထူးတရားရုံးမှာ အပတ်စဉ်တနင်္လာနေ့တိုင်း ရုံးထုတ်စစ်ဆေးနေတယ်လို့ အင်းစိန်ထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။
ဆရာတော်ဟာ အကျဉ်းထောင်ထဲမှာ ကျန်းမာရေးအခြေအနေ ကောင်းမွန်တယ်လို့ ထောင်ဝန်ထမ်းကနေတစ်ဆင့် သိရကြောင်း ဆရာတော်နဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။
ရွှေဝါရောင်ဆရာတော် ဦးပညာဇောတကို စစ်ကောင်စီက ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၂၃ ရက်က ရန်ကုန်မြို့ စော်ဘွားကြီးကုန်းအနီးမှာ ဖမ်းဆီးခဲ့တာပါ။
ဦးပညာဇောတဟာ နိုင်ငံရေးအကျဉ်းသားလောကမှာ နတ်ဇော လို့ လူသိများပြီး ၁၉၉ဝ ပြည့်နှစ်မှာ ပတ္တနိက္ကုဇန သပိတ်ကံဆောင်မှုနဲ့ ထောင်ချခံရတဲ့ နိုင်ငံရေးအကျဉ်းသားတစ်ဦးဖြစ်ပါတယ်။
ထောင်ကလွတ်ပြီး ၂၀၀၇ ရွှေဝါရောင်သံဃာ့လှုပ်ရှားမှုမှာ ဦးဆောင်ပါဝင်ခဲ့တဲ့အတွက် နောက်တစ်ကြိမ် အဖမ်းမခံရအောင် ပြည်ပကို တိမ်းရှောင်လာခဲ့ရာကနေ အမေရိကန်ပြည်ထောင်စုကို ပြောင်းရွှေ့အခြေချနေထိုင်ခွင့်ရခဲ့တာပါ။