ရွေးကောက်ပွဲ အနိုင်ရ Move Forward ပါတီ ခေါင်းဆောင် ထိုင်းဝန်ကြီးချုပ် ဖြစ်ခွင့်မရ

ရဲခေါင်မြင့်မောင် (ဝါရှင်တန်ဒီစီ)
2023.07.19
ရွေးကောက်ပွဲ အနိုင်ရ Move Forward ပါတီ ခေါင်းဆောင် ထိုင်းဝန်ကြီးချုပ် ဖြစ်ခွင့်မရ ၂၀၂၃ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့က ထိုင်းလွှတ်တော်အတွင်း ဝန်ကြီးချုပ်ကိစ္စမဲခွဲဆုံဖြတ်ပွဲ မတိုင်ခင် Move Forward ပါတီခေါင်းဆောင် ပီတလင်ဂျာရွန်ရတ်ကို ပါတီဝင်များနှင့်အတူ တွေ့ရစဉ်။
AFP

ထိုင်း ရွေးကောက်ပွဲမှာ အမတ်နေရာအများစု အနိုင်ရထားတဲ့ Move Forward ပါတီ ခေါင်းဆောင် ပီတ လင်ဂျာရွန်ရတ်ကို မီဒီယာ ကုမ္ပဏီတစ်ခုမှာ ရှယ်ယာပိုင်ဆိုင်မှုရှိခဲ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ရွေးကောက်ပွဲ အနိုင်ရ ပါလီမန်အမတ်အဖြစ် အရည်အချင်းမမီကြောင်း ထိုင်း ဖွဲ့စည်းပုံအခြေခံ ဥပဒေ တရားရုံးက မနေ့က ဆုံးဖြတ်လိုက်ပါတယ်။

ဒီနေ့ ကျင်းပတဲ့ ထိုင်းပါလီမန် အစည်းအဝေးမှာ ပီတကို ဝန်ကြီးချုပ်အဖြစ် ဒုတိယအကြိမ် အဆိုပြုချက်နဲ့ ပတ်သက်ပြီး ၇ နာရီကျော် ကြာအောင် ဆွေးနွေး ငြင်းခုန်ခဲ့ကြပြီး၊ ထိုင်း ဖွဲ့စည်းပုံအခြေခံဥပဒေ တရားရုံးက ပီတကို အမတ်လောင်းအဖြစ် ပယ်ဖျက်ကြောင်း သီးခြားဆုံးဖြတ်ချက် ပေါ်ထွက်လာတာလို့ ရိုက်တာ သတင်းမှာ ဖော်ပြထားပါတယ်။

AFP သတင်းဌာနက ရိုက်ကူးထားတဲ့ ဗီဒီယိုထဲမှာတော့ Move Forward ပါတီခေါင်းဆောင် ပီတဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေ တရားရုံးရဲ့ ဆုံးဖြတ်ချက် ပေါ်ထွက်လာပြီးတဲ့နောက်၊ သူ့ရဲ့ ပါလီမန်အမတ် မှတ်ပုံတင်ကဒ်ကို သူထိုင်ခဲ့တဲ့ အမတ်ထိုင်ခုံနေရာမှာ ထားခဲ့ပြီး၊ အားလုံးကို နှုတ်ဆက်စကား ပြောခဲ့ပါတယ်။ ပီတဟာ ထိုင်း ပါလီမန်ထဲကနေ ထွက်ခွာသွားခဲ့ချိန်မှာ ကျန်တဲ့အမတ်တွေက အားပေးနှုတ်ဆက်ခဲ့တာ တွေ့ရပါတယ်။

၂၀၁၄ ခုနှစ်က ထိုင်းစစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ပြဋ္ဌာန်းလိုက်တဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ရွေးကောက်ပွဲဝင်တဲ့ အမတ်လောင်းတွေဟာ သတင်းမီဒီယာတွေကို ပိုင်ဆိုင်တာ မရှိဖို့ ပြဋ္ဌာန်းထားတာ ဖြစ်ပါတယ်။

ပီတ လင်ဂျာ ရွန်ရတ်ကတော့ သူ ရှယ်ယာပိုင်ဆိုင်ခဲ့တဲ့ iTV ဆိုတဲ့ မီဒီယာ ကုမ္ပဏီဟာ ၂၀၀၇ ခုနှစ်ကတည်းက သတင်းထုတ်လွှင့်မှု မရှိတဲ့အတွက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ စည်းမျဉ်းကို ချိုးဖောက်ရာမရောက်ကြောင်း ပြောထားပါတယ်။

ပီတ လင်ဂျာ ရွန်ရတ်ဟာ ပြီးခဲ့တဲ့ အပတ်က ပြုလုပ်တဲ့ ထိုင်း ပါလီမန်ရဲ့ ဝန်ကြီးချုပ်အသစ် မဲခွဲရွေးချယ်မှုမှာ ထိုင်းစစ်တပ်က ခန့်အပ်တဲ့ အမတ်တွေရဲ့ ထောက်ခံမှုမရတဲ့အတွက် လုံလောက်တဲ့ ထောက်ခံမဲ မရခဲ့ဘဲ၊ အခုအပတ် ဒုတိယအကြိမ် ရွေးချယ်မှုမှာ ရွေးချယ်ခံရဖို့ ကြိုးစားနေချိန်မှာ အခုလို ဆုံးဖြတ်ချက် ပေါ်ထွက်လာတာ ဖြစ်ပါတယ်။

Move Forward ပါတီနဲ့ ပါတီခေါင်းဆောင် ပီတ တို့ဟာ စစ်တပ်က အာဏာသိမ်းထားတဲ့ ထိုင်းနိုင်ငံမှာ စစ်တပ် ရဲ့ အခန်းကဏ္ဍကို လျော့ချဖို့နဲ့ ထိုင်းဘုရင်စနစ်ကို ဝေဖန်သူတွေကို ထောင်ဒဏ်ချမှတ်နိုင်တဲ့ ဥပဒေကို ရုပ်သိမ်းဖို့ အပါအဝင် ပြုပြင်ပြောင်းလဲရေးလုပ်ဖို့ ကြွေးကြော်သံနဲ့ ရွေးကောက်ပွဲ အနိုင်ရခဲ့တာပါ။

အခုလို ထိုင်း ဖွဲ့စည်းပုံ အခြေခံဥပဒေတရားရုံးကနေ ပီတကို အမတ်အဖြစ်က ပယ်ဖျက်လိုက်တဲ့အတွက် ထိုင်း ပါလီမန်ကနေ ဝန်ကြီးချုပ်အသစ် ရွေးချယ်မှုကို ဘယ်လို သက်ရောက်မှုရှိသလဲ ဆိုတာ ရှင်းရှင်းလင်းလင်း မသိရ သေးတဲ့အကြောင်း နိုင်ငံတကာသတင်းတွေမှာ ဖော်ပြပါတယ်။

ပီတကို ဝန်ကြီးချုပ်အဖြစ် အဆိုပြုထားတဲ့ ရှစ်ပါတီ မဟာမိတ်အဖွဲ့ရဲ့ ရပ်တည်ချက်က မပြောင်းလဲတဲ့ အကြောင်း ရှစ်ပါတီထဲက တစ်ပါတီ ဖြစ်တဲ့ Pheu Thai ပါတီ ခေါင်းဆောင် CHONLANAN SRIKAEW က အခုလို ပြောပါတယ်။

“ဒီနေ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ တရားရုံးရဲ့ ဆုံးဖြတ်ချက်ကြောင့်၊ ပီတကို ဝန်ကြီးချုပ်အဖြစ် ရွေးချယ်မှုအပေါ် သက်ရောက်မှု ရှိသည် ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ တရားရုံးကနေ လုံးဝ တိကျ ပြတ်သားတဲ့ ဆုံးဖြတ်ချက်တစ်ခု မရသေးသရွေ့တော့၊ ကျွန်တော်တို့အနေနဲ့ ပီတဟာ ဝန်ကြီးချုပ် ဖြစ်ဖို့ အရည်အချင်းမှီတယ်၊ အရွေးခံနိုင်သေးတယ်လို့ သတ်မှတ်ပါတယ်”

ရှစ်ပါတီ မဟာမိတ်အဖွဲ့ထဲက တစ်ပါတီဖြစ်တဲ့ FAIR PARTY ခေါင်းဆောင် KANAWEE SUEBSAENG ကတော့ အခုလို ပြောပါတယ်။

“ပီတကို ဝန်ကြီးချုပ်အဖြစ်ရွေးချယ်ဖို့ အဆိုပြုထားတဲ့ ကျွန်တော်တို့ ရှစ်ပါတီ မဟာမိတ် အဖွဲ့ရဲ့ ရပ်တည်ချက်က မပြောင်းလဲပါဘူး။ ဒါပေမဲ့ ဒီလို လုပ်လို့ မရတော့ဘူး ဆိုရင်တော့ ဘယ်သူ့ကို ဝန်ကြီးချုပ်အဖြစ် အဆိုပြုကြမလဲ ဆိုတာကို ကျွန်တော်တို့ ရှစ်ပါတီအကြားမှာ ထပ်ပြီး ဆွေးနွေးရမှာ ဖြစ်ပါတယ်”

NUG ရဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဒေါက်တာဆာဆာကတော့ ထိုင်းနိုင်ငံအရေးနဲ့ ပတ်သက်ပြီး ပြည်သူလူထုရဲ့ ဒီမိုကရေစီနဲ့ ဆန္ဒတွေကို လျစ်လျူရှုပြီးတော့ ဆက်လက် ပိတ်ဆို့နေမယ်ဆိုရင် မြန်မာနိုင်ငံလိုပဲ ကြီးမားတဲ့ ပြည်သူလူထုရဲ့ ဆန္ဒပြမှုတွေ ဖြစ်ပေါ်လာဖို့ ရှိတယ်လို့ သုံးသပ်ပါတယ်။

“မစ္စတာ ပီတကို ထိုင်းနိုင်ငံ ဝန်ကြီးချုပ် မဖြစ်အောင်လို့ ပိတ်ဆို့ထားတာကလည်း အထက်လွှတ်တော်မှာ စစ်တပ်က ခန့်အပ်ထားတဲ့ အမတ်တွေပဲ ဖြစ်တယ်။
ထိုင်းပြည်သူ လူထုရဲ့ ဆန္ဒကို လျစ်လျူရှုသလို ဖြစ်သွားတယ်။ မြန်မာနိုင်ငံ ပြည်သူလူထုရဲ့ ဆန္ဒကို အကြမ်းဖက် စစ်ကောင်စီက လျစ်လျူရှုတာသာ မကဘဲ၊ အကြမ်းဖက်နည်းကို အသုံးပြုပြီး ပြည်သူလူထုကို နှိမ်နင်းလာတဲ့အခါကျတော့ အခုတော်လှန်ရေး ဖြစ်သွားတယ်။ ထိုင်းနိုင်ငံဟာလည်း တစ်နေ့ကျရင် ဒီလိုပဲ ထိုင်းပြည်သူလူထုရဲ့ ဒီမိုကရေစီနဲ့ ဆန္ဒတွေကို လျစ်လျူရှုပြီးတော့ ဆက်လက် ပိတ်ဆို့နေမယ်ဆိုရင် ကြီးမားတဲ့ ပြည်သူလူထုရဲ့ ဆန္ဒပြမှုတွေ ဖြစ်ပေါ်လာဖို့ ရှိတယ်။ ဒီအတိုင်းခန့်မှန်းလို့ ရတယ်။ ဒီလိုပဲ ထိုင်းမှာလည်း ဖြစ်မယ်၊ မြန်မာမှာလည်း ဖြစ်မယ်၊ အခြား အာဆီယံနိုင်ငံတွေမှာလဲ ဖြစ်သွားမယ်ဆိုရင်၊ အာရပ် နွေဦးတော်လှန်ရေးလိုမျိုး အာရှနွေဦးတော်လှန်ရေး ဖြစ်သွားနိုင်တယ်။ မြန်မာ နွေဦးတော်လှန်ရေးကနေ အာရှနွေဦးတော်လှန်ရေး ဖြစ်သွားနိုင်တယ် ဆိုတာ အာဆီယံ ခေါင်းဆောင်တွေလည်း သတိထားသင့်တယ်”

အခုအချိန်မှာ Move Forward ပါတီ ထောက်ခံသူတွေဟာ ထိုင်း ပါလီမန် ရှေ့မှာ လာရောက်စုဝေးကြပြီး ထိုင်းဖွဲ့စည်းပုံ အခြေခံဥပဒေတရားရုံးရဲ့ ဆုံးဖြတ်ချက်ကို ဆန့်ကျင်ဆန္ဒပြနေကြပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၄ ရက်က ကျင်းပခဲ့တဲ့ ထိုင်းရွေးကောက်ပွဲမှာ အတိုက်အခံပါတီတွေ အနိုင်ရပြီး ပြီးဆုံးသွားတာ ၆၅ ရက်ရှိပြီ ဖြစ်ပေမဲ့ ဝန်ကြီးချုပ်သစ်ကို အခုအချိန်အထိ မရွေးချယ်နိုင်ဘဲ ဖြစ်နေတာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။