အမေရိကန်ဒေါ်လာ ရှစ်သန်းဖိုး မူးယစ်ဆေးဝါးတွေ ထိုင်းမှာ ဖမ်းမိ

RFA Burmese
2023.09.28
အမေရိကန်ဒေါ်လာ ရှစ်သန်းဖိုး မူးယစ်ဆေးဝါးတွေ ထိုင်းမှာ ဖမ်းမိ ထိုင်းနိုင်ငံ၊ နခွန်ပထုံမှာ ဖမ်းမိတဲ့ မူးယစ်ဆေးဝါးတွေကို ထိုင်းရဲတပ်ဖွဲ့က ၂၀၂၃ စက်တင်ဘာ ၂၈ ရက်နေ့မှာ ထုတ်ဖော်ပြသစဉ်။
REUTERS

ထိုင်းနိုင်ငံ အလယ်ပိုင်းက နခွန်ပထုံ (Nakhon Pathom) မြို့မှာရှိတဲ့ နေအိမ်တစ်ခုကနေ အမေရိကန်ဒေါ်လာ ရှစ်သန်း (ထိုင်းဘတ်ငွေ သန်းသုံးရာ) တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေကို စက်တင်ဘာ ၂၇ ရက်ညက ထိုင်းရဲတပ်ဖွဲ့ ဖမ်းဆီးရမိခဲ့ပါတယ်။

ဒါဟာ ထိုင်းနိုင်ငံရဲ့ သမိုင်းတစ်လျှောက် မူးယစ်ဆေးဝါးပမာဏအများဆုံး ဖမ်းဆီးရမိတဲ့အမှုလို့ ထိုင်းရဲတပ်ဖွဲ့က စက်တင်ဘာ ၂၈ ရက်နေ့မှာ ပြောပါတယ်။

WY လို့ခေါ်တဲ့ ယာဘဆေးပြား ၁၅ သန်း၊ Ice လို့‌ ခေါ်တဲ့ Crystal meth ကီလိုဂရမ် ၄၀၀ ခန့်၊ ဘိန်းဖြူအတုံး ၄၅၀ နီးပါးနဲ့ လူ လေးဦးကို စက်တင်ဘာ ၂၇ ရက်နေ့ညက ဖမ်းဆီးရမိခဲ့တာလို့ ထိုင်းနိုင်ငံ အမျိုးသားရဲချုပ် Torsak Sukwimol က ပြောပါတယ်။

ထိုင်းရဲတပ်ဖွဲ့အနေနဲ့ ဒီအမှုကို အချိန်နှစ်နှစ်နီးပါးယူပြီး စောင့်ကြည့်ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။ ဖမ်းဆီးခံထားရသူ လေးယောက်နဲ့ပတ်သက်တဲ့ အချက်အလက်တွေကိုတော့ ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြောတာမရှိသေးပါဘူး။

ထိုင်းနိုင်ငံအတွင်း ပြီးခဲ့တဲ့ နှစ်က ဆေးပြား သန်း ၅၄၀ ခန့် ဖမ်းဆီးရမိခဲ့ပြီး အခုဖမ်းဆီးရမိမှုဟာ ၂၀၁၇ ခုနှစ်အတွင်း ဖမ်းဆီးရမိမှုထက် နှစ်ဆပိုများတယ်လို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုမှတ်တမ်းတွေအရ သိရပါတယ်။ 

ထိုင်းနိုင်ငံ မြောက်ပိုင်းက ထိုင်း၊ မြန်မာနဲ့ လာအိုနိုင်ငံဆုံရာ ရွှေတြိဂံဒေသမှာ မူးယစ်ဆေးဝါး ကူးသန်းရောင်းဝယ်နေတာတွေကို ထိုင်းရဲတပ်ဖွဲ့က အကြိမ်ကြိမ် ဖမ်းဆီးအရေးယူနေပေမဲ့လည်း မူးယစ်ဆေးဝါးပြဿနာက ကြာလရှည်ကြာ ရှိနေတာဖြစ်ပါတယ်။

နခွန်ပထုံမှာ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေဟာ ထိုင်းနိုင်ငံမြောက်ပိုင်း နယ်စပ်ကို ဖြတ်ပြီးယူလာတာလို့ ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။ ဘယ်နိုင်ငံကနေ ထုတ်တဲ့မူးယစ်ဆေးဝါးဆိုတာကိုတော့ ထိုင်းရဲတပ်ဖွဲ့က ပြောဆိုတာမရှိပါဘူး။

ပြီးခဲ့တဲ့ ဇူလိုင်လကလည်း ဩစတြေးလျနိုင်ငံကိုပို့ဖို့စီစဉ်ထားတဲ့ ထိုင်းဘတ်ငွေ သန်း တစ်ရာကျော်တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေ နခွန်ပထုံ ခရိုင်အတွင်းက ဂိုဒေါင်တစ်ခုကနေ ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ပြောထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။