မြန်မာ့ကျွန်းသစ်လုံးရေ သုံးထောင်ကျော် ထိုင်းဖမ်းဆီး
2010.12.16

ထိုင်းအထူးစုံစမ်းရေးဌာန၊ အကောက်ခွန်ဌာန နဲ့ ဘုရင့်သစ်တောဌာနတို့ ပူးပေါင်းပြီး ချင်းမိုင်က Suksawat Group ကုမ္ပဏီပိုင် သစ်စက်နှစ်လုံးကို စီးနင်းရှာဖွေခဲ့ရာမှာ တရားမဝင် မြန်မာ့ကျွန်းသစ်တွေကို တွေ့ရှိ သိမ်းဆည်းခဲ့တာပါ။
ကျွန်းသစ်လုံးတွေကို ကုမ္ပဏီတခုက မြန်မာနိုင်ငံဖက်ကနေ မယ်ဟောင်ဆောင်ကို ဖြတ်ပြီး ထိုင်းနိုင်ငံထဲ မှောင်ခိုသွင်းယူခဲ့ကြောင်း ထိုင်းတရားရေးဝန်ကြီးရဲ့ တိုင်တန်းချက်အရ အခုလို စီးနင်းရှာဖွေခဲ့တာ ဖြစ်ပါတယ်။
အထူးစုံစမ်းရေးဌာန ဒုတိယ အကြီးအကဲက ပြောဆိုရာမှာ အဲဒီကျွန်းသစ်လုံးတွေကို Anton ကုမ္ပဏီက သွင်းယူခဲ့တာဖြစ်ပြီး၊ မြန်မာအာဏာပိုင်တွေရဲ့ထောက်ခံ အတည်ပြုချက် ၅၇ စောင်နဲ့ မယ်ဟောင်ဆောင် အကောက်ခွန်ဌာနကို ဖြတ်သန်း သွင်းယူခဲ့တာ ဖြစ်ကြောင်း၊ ဒါပေမဲ့ အဲဒီ ထောက်ခံချက်တွေဟာ အတုတွေ ဖြစ်နေကြောင်း ပြောဆိုပါတယ်။
ဒီကိစ္စမှာ ဒေသခံ အစိုးရတာဝန်ရှိသူတွေ ပါဝင်ပတ်သက်မှု ရှိမရှိ စုံစမ်းမေးမြန်းမှုတွေ ဆောင်ရွက်မယ်လို့ သိရပါတယ်။ အထူးစုံစမ်းရေးဌာနဟာ ဒီနှစ် ဖေဖော်ဝါရီလကတည်းက မြန်မာ့ ကျွန်းသစ် မှောင်ခိုဝင်နေတဲ့ကိစ္စကို စောင့်ကြည့်နေခဲ့ပြီး Anton ကုမ္ပဏီရဲ့ စက်တင်ဘာလက မြန်မာ့သစ်ခွဲသားတွေ တင်သွင်းခဲ့တဲ့ကိစ္စမှာ မသင်္ကာဖွယ်ရာ အချက်အလက်တွေ တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
ကုမ္ပဏီအကြီးအကဲကိုလည်း သစ်တင်သွင်းမှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေ ချိုးဖောက်မှုနဲ့ အထူးစုံစမ်းရေးဌာနက တရားစွဲဆိုထားပါတယ်။
ထိုင်းနိုင်ငံတွင်းကို သစ်တင်သွင်းဖို့အတွက် သစ်ရဲ့ မူလ လာရာတိုင်းပြည် အထောက်အထား၊ မူလနိုင်ငံ အာဏာပိုင်တွေရဲ့ အတည်ပြုချက် အထောက်အထားတွေ လိုအပ်ပါတယ်။ ထိုင်းနိုင်ငံမှာ သစ်ခုတ်လှဲခွင့် လုံးဝ ပိတ်ပင်ထားတာကြောင့် မြန်မာဖက်က သစ်တွေဟာ နည်းလမ်းအမျိုးမျိုးနဲ့ တရားဝင်ရော၊ တရားမဝင်ရော ထိုင်းနိုင်ငံထဲကို ဝင်ရောက်နေပါတယ်။