ထိုင်းနိုင်ငံ တပ်ခ်ခရိုင်ရောက် မြန်မာသံဃာတွေ ဖိအားပေးခံရမှု လျော့သွား

ထိုင်းနိုင်ငံ တပ်ခ်ခရိုင် ဖုတ်ဖရမြို့နယ် အတွင်းကနေ ဖယ်ရှားဖို့ ဖိအားပေး ခံနေရတဲ့ မြန်မာဘုန်းတော်ကြီး ကျောင်း ၉ ကျောင်းထဲက ၂ ကျောင်းမှာရှိတဲ့ သံဃာတော်တွေမှာ တရားဝင် နိုင်ငံကူးလက်မှတ် လက်ဝယ် ရှိမရှိ ထိုင်းအရာရှိတွေက ပြီးခဲ့တဲ့ ကြာသပတေးနေ့က ဝင်ရောက် စစ်ဆေးခဲ့ကြပါတယ်။

2011.02.19

အရင်လအတွင်းက ထိုင်းအာဏာပိုင်တွေရဲ့ ထုတ်ပြန်ချက်အရ နိုင်ငံကူးလက်မှတ် မရှိတဲ့ သံဃာတော်တွေ မြန်မာပြည်ကို ပြန်ပို့မယ်လို့ ဆိုပေမယ့် ကြာသပတေးနေ့က စစ်ဆေးအပြီးမှာ ဘုန်းကြီးကျောင်းကို ထိန်းသိမ်း စောင့်ရှောက်ဖို့အတွက် သံဃာ ၃ ပါးကို ဆက်လက် နေထိုင်ခွင့်ပြုမယ့်အကြောင်း ထိုင်း သာသနာရေး ဦးစီးဌာန နာယက ကိုယ်တော်က မိန့်ကြားတယ်လို့ သိရပါတယ်။

အဲဒီနေ့က စစ်ဆေးရာမှာ သာသနာရေး ဦးစီးဌာန အရာရှိတွေ၊ သာသနာရေးဆိုင်ရာ နာယက ထိုင်းသံဃာတော်နဲ့ ရဲ အပါအဝင် အဖွဲ့တဖွဲ့ သာသာနာ့ဗိမာန်ကျောင်းကို လာရောက် စစ်ဆေးကြကြောင်း အဲဒီ ကျောင်းမှာ ၁၃ နှစ်ကျော်ကြာ သီတင်းသုံး နေထိုင်ခဲ့တဲ့ ဦးဇဝန က မိန့်ကြားပါတယ်။

အဲဒီနေ့က ကျောင်းကြီးတွေဖြစ်တဲ့ သာသနာ့ဗိမာန်ကျောင်းနဲ့ ပါခါးကောင် ကျောင်းတွေကိုသာ ဝင်ရောက် စစ်ဆေးသွားတာဖြစ်ပြီး တခြားကျောင်းတွေမှာ ဝင်ရောက်စစ်ဆေးတဲ့သတင်း မကြားရသေးဘူးလို့ သိရပါတယ်။

ဒီကိစ္စအပေါ် ရှေ့ကို ဘယ်လို ဆက်လုပ်ကြမယ်ဆိုတာနဲ့ ပတ်သက်လို့လည်း ဦးဇဝနက ဆက်ပြီး မိန့်ရာမှာ

“ဒီကျောင်း ဒီလိုအနေအထားနဲ့ ဒီသံဃာ အရေအတွက်နဲ့ ဘယ်လိုနည်းနဲ့မှ မရနိုင်ဘူး ဆိုတာကို သဘောပေါက်အောင် နားလည်အောင် အသနားခံစာ တင်တဲ့ပုံစံမျိုးနဲ့ နားဝင်အောင်ပြောဖို့တော့ စဉ်းစားကြတာပဲ”

ဖုတ်ဖရမြို့နယ်က မြန်မာ သံဃာတော်တွေ နိုင်ငံကူးလက်မှတ် မရှိရင် ဖေေဖော်ဝါရီလ ၁၅ ရက်နေ့ နောက်ဆုံးထားပြီး မြန်မာနိုင်ငံကို ပြန်ဖို့ စတင် ဖိအားပေးခံနေရတဲ့ သတင်းကို အာအက်ဖ်အေက ဒီလ ၁၄ ရက်နေ့က ထုတ်လွှင့်ခဲ့ပြီး ဖြစ်ပါတယ်။

မြန်မာ ရဟန်းသံဃာတွေဟာ သံဃာ အစစ်အမှန်တွေ ဖြစ်ပြီး အခုလို ဖိအားပေး ပြန်ခိုင်းနေတဲ့အတွက် အခက်အခဲနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။