မြန်မာဒုက္ခသည်များကို ၎င်းတို့ဆန္ဒဖြင့် ပြန်ပို့ကြောင်း ထိုင်းကြေညာ

ထိုင်းနိုင်ငံအနေနဲ့ ပြီးခဲ့တဲ့ အပတ်တွေအတွင်း မြန်မာဖက်ကို ပြန်ပို့ခဲ့တဲ့ ဒုက္ခသည်တွေဟာ မိမိဆန္ဒ အလျောက် မြန်မာဖက်ကို ပြန်လိုသူတွေသာ သိက္ခာရှိရှိ၊ လုံခြုံစိတ်ချစွာ ပြန်ပို့ခဲ့တာဖြစ်တယ်လို့ ထိုင်းနိုင်ငံခြားရေးဌာနက ဇန်နဝါရီ ၁၀ ရက် ဒီကနေ့ ကြေညာချက်တရပ် ထုတ်ပြန်လိုက်ပါတယ်။

2011.01.10
refugee_dkba_myawaddy_305_z.png တိုးတက်သော ကရင်ဗုဒ္ဓဘာသာ တပ်ဖွဲ့ (DKBA) နှင့် မြန်မာ စစ်အစိုးရတပ်များ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခြင်းကြောင့် မြန်မာဖက်ကမ်း မြဝတီမြို့မှ ထိုင်းဖက်ကမ်း မဲဆောက်မြို့သို့ အစုလိုက် အပြုံလိုက် ထွက်ပြေးလာသော စစ်ပြေးဒုက္ခသည်များကို နိုဝင်ဘာ ၉ ရက်နေ့က တွေ့ရပုံ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၅ ရက် ခရစ်စမတ်နေ့က ထိုင်းနိုင်ငံ တာ့ခ် ခရိုင် ဖုတ်ဖရမြို့နယ်ဖက်ကနေ မြန်မာနိုင်ငံ ဖက်ကို ပြန်ပို့ခဲ့တဲ့ စစ်ပြေး ဒုက္ခသည် ၁၆၆ ဦးနဲ့ ပတ်သက်လို့ ဝေဖန်ထားတဲ့ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က Mr. Benjamin Zawacki ရေးသားခဲ့တဲ့ ဆောင်းပါးနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံခြားရေးဌာနက အခုလို တုံ့ပြန်လိုက်တာ ဖြစ်ပါတယ်။

ဒီဆောင်းပါးကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၇ ရက်နေ့ ထိုင်းနိုင်ငံထုတ် Bangkok Post သတင်းစာမှာ ရေးသားဖော်ပြခဲ့ပါတယ်။ 

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ညွန်ကြားရေးမှူးချုပ် လက်မှတ်ထိုး ထုတ်ပြန်တဲ့ ကြေညာချက်မှာ မြန်မာပြည် ပို့ခဲ့သူတွေဟာ နယ်မြေအေးချမ်းလာတာနဲ့ မိမိတို့ရပ်ရွာတွေက အိုးအိမ်ပစ္စည်းနဲ့ မိသားစုတွေကို ပြန်တွေ့လိုတဲ့အတွက် ပြန်လိုစိတ်ဆန္ဒ ရှိသူတွေသာ ဖြစ်ကြောင်း၊ မပြန်လိုတဲ့သူတွေကို ယာယီ ဆက်လက် နေထိုင်ခွင့်ပြုခဲ့ကြောင်း၊ နေထိုင်သူတွေကိုလည်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာ မင်းကြီးရုံး (UNHCR) အဖွဲ့နဲ့ အတူ ကူညီပေးနေကြောင်း၊ နိုဝင်ဘာလကတည်းက ရောက်လာတဲ့ လူ ၃ သောင်းကို ကူညီခဲ့သလိုပဲ အမိုးအကာ အကူအညီ၊ စားရေရိက္ခာ ထောက်ပံ့ခဲ့ကြောင်းလည်း ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။