အထောက်အထားမဲ့ မြန်မာလုပ်သားတွေ ဖမ်းမိရင် မြန်မာသံရုံးထံလွဲှပေးဖို့ သဘောတူ


2018.07.01
thai-workers-622.jpg ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား အလုပ်သမားတွေကို တွေ့ရစဉ်
Photo: Kyaw Zaw Win/ RFA

 

ထိုင်းနိုင်ငံမှာ တရားမဝင် နိုင်ငံခြားသား အလုပ်သမားတွေကို အရေးယူမယ့်စီမံချက် ဒီနေ့စတင်ပြီဖြစ်တာကြောင့် အထောက်အထားမဲ့ မြန်မာလုပ်သားတွေကို ဖမ်းမိရင် မြန်မာသံရုံးထံ လွဲှပြောင်းပေးဖို့ နှစ်နိုင်ငံအစိုးရ တာဝန်ရှိသူတွေအကြား သဘောတူညီမှု ရရှိထားပါတယ်။

ထိုင်းနိုင်ငံတာဝန်ရှိသူတွေနဲ့ မြန်မာသံရုံး တာဝန်ရှိသူတွေ ဒီနေ့ အစည်းအဝေးမှာ ညှိနှိုင်းခဲ့တာဖြစ်တယ်လို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး အလုပ်သမားသံအရာရှိ ဦးစန်းမောင်ဦး က ပြောပါတယ်။

"ဒီနေ့ပဲ ကျနော်တို့ အစည်းအဝေးလုပ်တယ်ပေါ့နော်၊ ထိုင်းဘက်က တာဝန်ရှိသူတွေ အကုန်လုံးပေါ့၊ လဝက ရော ရဲရောပေါ့လေ၊ အဲတာတွေ အကုန်လုံးပေါ့၊ ကျနော်တို့ကတော့ ထိုင်းနိုင်ငံ ဥပဒေနဲ့ မညီညွတ်တာပေါ့၊ တစ်ခုခုများ တွေ့ခဲ့လို့ရှိရင်လည်းပဲ ကျနော်တို့နိုင်ငံသားကိုပေါ့၊ ကျနော်တို့ဆီကို ချစ်ကြည်ရေးအရ ပြန်လည်လွှဲပြောင်းပေးဖို့ ပေါ့နော်၊ အဲဒါလေးတွေ ကျနော်တို့ဘက်က ပြောတာပေါ့လေ၊ သူတို့ဘက်ကလည်း လက်ခံပါတယ်၊ ကျနော်တို့ စခန်း ၃ ခု လုပ်မယ်ပေါ့၊ အဲမှာ သံအရာရှိ ၃ ယောက်ထား ထားပေးမယ်ပေါ့၊ သူတို့ဘက်ကလည်း အဲစခန်း ၃ ခုမှာ ကျနော်တို့ သံအရာရှိ ၃ ယောက်နဲ့ ပူးပေါင်းပြီးတော့ ဒီဘက်နိုင်ငံကို တရားဝင်ပြန်ပြီးတော့ လွှဲပြောင်းပေးဖို့ အတွက်ကို ပူးပေါင်းဆောင်ရွက်ကြဖို့ သူတို့ဘက်ကလည်း သဘောတူတယ်ပေါ့"

မဲဆောက်၊ ရနောင်း နဲ့ မယ်ဆိုင်တို့က အလုပ်သမား သံအရာရှိရုံးတွေမှာလည်း ထိုင်းနဲ့ မြန်မာ နှစ်နိုင်ငံ တာဝန်ရှိသူတွေ ပူးပေါင်းထားတဲ့ စခန်းတွေ ဖွင့်ဖို့ စီစဉ်ထားပါတယ်။

အထောက်အထားမဲ့ မြန်မာနိုင်ငံသားတွေ နေရပ်ပြန်ဖို့ အခက်အခဲရှိတယ်ဆိုရင် အလုပ်သမားသံအရာရှိတွေဆီ ဆက်သွယ်ပြီး အဲဒီစခန်းတွေကို ရောက်အောင်သွားကြဖို့လည်း မြန်မာသံရုံးက နှိုးဆော်ထားပါတယ်။

ထိုင်းအစိုးရက နိုင်ငံခြားသား အလုပ်သမားတွေကို CI အထောက်အထား လုပ်ဖိ့ု ကာလသတ်မှတ်ပေးပြီး ၂၀၁၇ ခုနှစ် ဒီဇင်ဘာမှာ တစ်ကြိမ်၊ ၂၀၁၈ မတ်လမှာ တစ်ကြိမ် ဖမ်းဆီးအရေးယူတာတွေကို ဖြေလျော့ဆောင်ရွက်ပေးခဲ့ပြီး ဇွန်လ ၃၀ ရက်နေ့မှာ သတ်မှတ်ကာလ ကုန်ဆုံးခဲ့တာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံအတွင်း တရားမဝင် လုပ်ကိုင်နေတာ စစ်ဆေးတေ့ွရှိရင် ဒဏ်ငွေ ဘတ်ငါးထောင်ကနေ ငါးသောင်းအထိ ပေးဆောင်ရမှာဖြစ်ပြီး ထိုင်းနိုင်ငံကို ပြန်လည်ဝင်ရောက်အလုပ်လုပ်ခွင့် နှစ်နှစ် အပိတ်ခံရမှာဖြစ်တယ်လို့ ထိုင်းအစိုးရက ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ၁၀ ရက်လောက်ကစပြီး မဲဆောက်၊ ရနောင်း နဲ့ မယ်ဆိုင်က အလုပ်သမား သံအရာရှိ ရုံးတွေကနေတစ်ဆင့် မြန်မာနိုင်ငံကို ပြန်လာတဲ့ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားတွေဟာ အရင်ကထက် လူဦးရေ ပိုတိုးလာပြီး တစ်ရက်ကို လူဦးရေ ၁၆၀ နီးပါးလောက် ပြန်နေကြတာ ဖြစ်တယ်လို့ စာရင်းတွေအရ သိရပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။