ထိုင်းတောင်ပိုင်းမှာ အကျဉ်းကျခံရသူ တစ်ရာကျော်ကို မြန်မာနိုင်ငံ ပြန်ပို့
2024.03.26

တရားမဝင် နယ်စပ်ဖြတ်ကျော်မှုအပါအဝင် တခြားအမှုတွေနဲ့ ထိုင်းနိုင်ငံ ရနောင်းအချုပ်ထဲမှာရောက်နေတဲ့ မြန်မာနိုင်ငံသား ၁၃၄ ဦးကို မတ်လ ၂၅ ရက်မှာ မြန်မာနိုင်ငံ ပြန်ပို့လိုက်တယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။
နှစ်နိုင်ငံအာဏာပိုင်တွေ ညှိနှိုင်းပြီး ရနောင်းမြို့ကတစ်ဆင့် ရေကြောင်းနဲ့ မြန်မာနိုင်ငံ ကော့သောင်းမြို့ကို ပြန်ပို့ခဲ့တာပါ။
ဒီလူတွေဟာ ထိုင်းနိုင်ငံတောင်ပိုင်းခရိုင်အသီးသီးက အကျဉ်းထောင်တွေမှာ ပြစ်ဒဏ်ချမှတ်ခံရပြီး လွတ်ရက်စေ့လို့ ပြန်ပို့ခံရတဲ့သူတွေဖြစ်တယ်လို့ ဆိုပါတယ်။
အများစုက တရားမဝင် နိုင်ငံဖြတ်ကျော်ဝင်ရောက်မှု ဖြစ်ပြီး ဆေးမှု၊ လူသတ်မှု၊ ခိုးမှုစတဲ့ အမှုတွေလည်း ပါဝင်တယ်လို့ ရနောင်းအခြေစိုက် မိတ္တသာရ (SAFWA) အသင်းတာဝန်ရှိသူ ကိုသားကျော်က ပြောပါတယ်။
"နိုင်ငံခိုးဝင်လာမှုကတော့ များတာပေါ့။ ထိုင်းနိုင်ငံမှာ ပြစ်ဒဏ်တွေခံပြီးရင် ရနောင်း လဝကကို ပို့တယ်။ အဲဒီကနေတစ်ဆင့် မြန်မာပြည်ကို ပြန်ပို့တာပေါ့"
ပြန်ပို့ခံရသူတွေထဲ လူငယ်တွေပါဝင်တာကြောင့် စစ်ကောင်စီတပ် အင်အားစုဆောင်းမှုထဲ ပါသွားမှာကို ကာယကံရှင်တွေနဲ့ မိသားစုဝင်တွေက စိုးရိမ်နေကြတယ်လို့ ကူညီပေးနေသူတွေက ပြောကြပါတယ်။
အခုလို ပြန်ပို့ခံရသူတွေနဲ့ပတ်သက်လို့ အသေးစိတ်သိနိုင်ဖို့ စစ်ကောင်စီရဲ့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဝန်ကြီးရုံးကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်ကလည်း အမျိုးသား ၁၆၀ ဦးနဲ့ အမျိုးသမီး ၄၆ ဦး၊ စုစုပေါင်း မြန်မာနိုင်ငံသား ၂၀၆ ဦးကို ထိုင်းနိုင်ငံက ပြန်လည်ပို့ဆောင်ခဲ့ပါတယ်။