လူကုန်ကူးခံရသူ မြန်မာ ၆၄ ဦး ထိုင်းရဲနဲ့ MAT အဖွဲ့ ကယ်ဆယ်
2015.07.10

ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီး မဟာချိုင်မြို့ကော့စမွတ်အရပ်မှာ လူကုန်ကူးခံထားရတဲ့ မြန်မာနိုင်ငံသား ၆၄ ယောက်ကို မနေ့က ဇူလိုင်လ ၁၀ ရက်နေ့မှာ ထိုင်းစစ်တပ်နဲ့ မြန်မာသံရုံးက အလုပ်သမားကူညီစောင့်ရှောက်ရေး ကော်မတီအပါ အဝင် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT တို့ပူးပေါင်းပြီး ကယ်ဆယ်နိုင်ခဲ့သလို မြန်မာနိုင်ငံသား လူပွဲစား ဂိုဏ်းခေါင်းဆောင်တွေကိုပါ ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။
အခုလို ကယ်ဆယ်နိုင်ခဲ့တာဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁ ရက်နေ့က မွန်တိုင်းရင်းသား ဆန်းမိုးအောင် ဆိုသူက လူပွဲ စားတွေထံကနေ ထွက်ပြေးလွတ်မြောက်လာ ခဲ့ပြီး မြန်မာသံရုံးနဲ့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT ကို အကူအညီတောင်းခံ လာတဲ့အတွက် ထိုင်းရဲတပ်ဖွဲ့နဲ့ ပူးပေါင်းစုံစမ်းစစ်ဆေးမှုတွေရယူခဲ့ပြီး ဇူလိုင်လ ၉ ရက်နဲ့ ၁၀ ရက်တွေမှာ ဝင်ရောက်ဖမ်းဆီး ကယ်တင်နိုင်ခဲ့တာလို့ MAT အဖွဲ့က ကိုစိုင်းအေး က ပြောပါတယ်။
"ပထမနေ့ကတော့ စစ်တပ်နဲ့ လဝက ကနေဝင်ဖမ်းလိုက်တယ်၊ ဖမ်းလိုက်တော့ ၅၇ ယောက်ရတယ်၊ အဲ့ထဲမှာ ကယ်ဆယ်ရလို့တဲ့ထဲမှာ ပွဲစားတွေ မပါတော့ နောက်က စပါယ်ရှယ်ဘရန့်ကနေပြီးတော့ သူ့မှာ ဖမ်းဝရမ်းရထား တယ်ဆိုတော့ ထပ်ပြီး ထပ်ဖမ်းတာ ဒီမှာ ပွဲစားတွေ ထပ်ပြီးရလာခဲ့တာပေါ့နော်၊ လူကုန်ကူးခံရတဲ့လူကတော့ အားလုံး ၆၄ ယောက် ပွဲစားတွေ ဖမ်းမိတာတော့ ၆ ယောက်လောက်တော့ ရှိတာပေါ့နော်၊ အဲ့ထဲမှာ ဂိုဏ်းကြီး တစ်ယောက် ပါတယ်၊ ဂိုဏ်းကြီးတစ်ယောက်က ဒီ ထိုင်းနိုင်ငံမှာ နေတာ နှစ် ၂၀ ကျော်လောက်လည်း ရှိနေပြီး မြန်မာနိုင်ငံသား မွန်လူမျိုး သူ့နာမည် ကိုထုန် လို့ခေါ်တယ် အသက်ကတော့ ၆၀ နီးပါးရှိတယ်"
လူကုန်ကူးခံထားရတဲ့ မြန်မာနိုင်ငံသားတွေဟာ မြန်မာပြည်အရပ်ရပ်ကနေ လူပွဲစားတွေကတဆင့် ထိုင်းနိုင်ငံမှာ လာရောက်အလုပ်လုပ်ကိုင်သူတွေ ဖြစ်ကြပြီး အခန်းပေါင်း ၈၀ ကျော်ရှိတဲ့ အလုပ်ရုံဟောင်း တစ်ခုမှာ ပိတ်လှောင်ခံထား ရသူတွေဖြစ်တယ်လို့လည်း ကိုစိုင်းအေး က ဆက်ပြောပါတယ်။
"သူတို့ပြောပြချက်ကတော့ ထားဝယ်ဘက်ကနေပြီးတက်တယ်၊ ဒီမဟာချိုင်နယယ်မြေ ကော့စမွတ်ထဲမှာ လာပြီးတော့ အဲ့ထဲမှာ ပွဲစားတွေ အများကြီးရှိတယ်၊ ပွဲစားတွေက အဲ့အခါကြတော့ လူတွေကို သူ့လူကိုယ့်လူ ရွေးထုတ်ပြီးတော့ နည်းနည်း လည်လည် ဝယ်ဝယ် ဆိုလို့ရှိရင် သူတို့ကတော့ သော့ခတ် ပြီးတော့ လောင်ထားလိုက်တယ်၊ လောင် ထားပြီးတော့ မင်းအမျိုးရှိရင် လာရွေး၊ မရွေးရင် အမျိုးမရှိရင် အလုပ်လုပ်ချင်တယ် ဘာညာဆိုရင်လည်း ပို့ပေးမယ် ဆိုပြီးတော့ အဲ့လိုမျိုး ပြောပြီးတော့ ထားထားတာ အဲ့ဒါ အလုပ်ရှိတယ် သွားလုပ်မယ်ဆိုလည်း နောက်ကနေ သူတို့ ကနေ လိုက်လာတယ် သူတို့လုပ်အားခတွေ ယူတယ်၊ ယူပြီးတော့ နောက်ပြီးတော့ အချိန်တန်ကြရင် သူတို့ကို ပြန် ပို့ပေးတယ်၊ နောက် တချို့တဝက်ကလည်း ဟိုမှာပြောတုန်းကတော့ တစ်သောင်းခြောက်ထောင်နဲ့ ဒီရောက်တော့ နှစ်သောင်းခွဲ သုံးသောင်း အဲ့လိုမျိုးတွေ ဖြစ်သွားတာ ရွေးနိုင်လို့ရှိရင် လာရွေးတဲ့ မရွေးနိုင်လို့ရှိရင် ဒီလိုပဲ သူတို့အတွက်ကို အလုပ်ဆက်လုပ်ပေးနေရတယ်၊ သူတို့က အတိုးတွေက တဖြည်းတဖြည်းများများလာ ပြီးတော့ တချို့ဆိုလို့ရှိရင် တစ်နှစ်နှစ်နှစ်လောက် လုပ်ရတာလည်း အကြွေးမကျေဘူး"
လူကုန်ကူးဂိုဏ်းခေါင်းဆောင်တွေနဲ့ အတူ ၊ လူကုန်ကူးခံရသူတွေကိုတော့ စုံစမ်းစစ်ဆေး မေးမြန်းမှုတွေ ဆက်လုပ်ဖို့ လိုသေးတဲ့အတွက် မဟာချိုင်ရဲစခန်းမှာ ထိန်းသိမ်းထားပြီး ထိုင်းနိုင်ငံရဲ့ ဥပဒေအရ အရေးယူသွားမှာဖြစ်ကြောင်း ကိုစိုင်းအေး က ဆက်ပြောပါတယ်။
MAT အဖွဲ့ဟာ ထိုင်းနိုင်ငံအတွင်း လူကုန်ကူးခံရတဲ့ မြန်မာနိုင်ငံသားတွေကို ထိုင်းလူကုန်ကူးမှု တားဆီးနှိမ်နင်းရေးအဖွဲ့နဲ့ ပူးပေါင်းပြီး အခုနှစ် ၂၀၁၅ ခုနှစ်အတွင်း လူကုန်ကူးမှုပေါင်း ၁၄ ကြိမ် ကူညီခဲ့ပြီး လူကုန်ကူးခံရသူ ၁၃၉ ယောက်ကို ကယ်တင်နိုင်ခဲ့ပြီး လူပွဲစား ၆ ယောက်ကိုလည်း ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။