ဗီဇာသက်တမ်းကုန် မြန်မာ အလုပ်သမားတွေကို ထိုင်းရဲတွေ စတင်ဖမ်းဆီး


2014.01.31
migrant-worker-thai-border-b305 ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်ကြသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားတချို့ကို မဲဆောက်-မြဝတီနယ်စပ်တွင် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလအတွင်း တွေ့ရစဉ်။
Photo Courtesy of Sein Kyaw Hlaing

ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေအတွက် ထုတ်ပြန်ထားတဲ့မူဝါဒဟာ ရှင်းလင်းပြတ်သားမှုမရှိတဲ့အတွက် ဗီဇာသက်တမ်းကုန် သွားတဲ့ မြန်မာအလုပ်သမားတွေ စတင်အဖမ်းခံနေ ရပြီလို့ ထိုင်းအလုပ်သမားအဖွဲ့တွေက ပြောပါတယ်။

ထိုင်းနဲ့ မြန်မာအစိုးရတွေ သဘောတူလက်မှတ်ရေး ထိုးထားတဲ့ နှစ်နိုင်ငံနားလည်မှုစာချွန်လွှွာအရ ထိုင်းနိုင်ငံမှာ ၄ ကြာ နေထိုင်ပြီးသွားတဲ့ မြန်မာ အလုပ်သမားတွေ  မိခင်နိုင်ငံကို ပြန်ကြရ မှာဖြစ်ပြီး၊ မြန်မာနိုင်ငံမှာ ၃ နှစ် ပြန်လည်နေ ထိုင်ပြီးမှသာ ထိုင်းနိုင်ငံမှာ နောက်ထပ်တစ်ကြိမ် သွားရောက်အလုပ်လုပ်ကိုင်ခွင့်ရှိမှာ ဖြစ်ပါတယ်။

ဒါပေမဲ့ ၄ နှစ်ကြာ နေထိုင်ပြီးသွားတဲ့ မြန်မာ အလုပ်သမားတွေ နိုင်ငံကိုပြန်စရာမလိုဘဲ ထိုင်းနိုင်ငံ မှာ ဆက်လက်နေထိုင် အလုပ်လုပ်ကိုင်ခွင့်ပြုမယ့် အစီအစဉ်တစ်ခုကို ထိုင်းအလုပ်သမားဝန်ကြီးဌာနက ထိုင်းအစိုးရအဖွဲ့ထံ အဆိုပြုတင်ပြထားပါတယ်။ အဲဒီအစီအစဉ်သစ်တင်ပြပြီး မကြာခင်မှာပဲ ထိုင်းအောက်လွှတ်တော် ဖျက်သိမ်းလိုက်မှု၊ လက်ရှိအစိုးရအနေနဲ့ အိမ်စောင့်အစိုးရအဖွဲ့အဖြစ် အသွင်ပြောင်းသွားမှုစတဲ့ အခြေအနေတွေကြောင့် ၄ နှစ် ဗီဇာသက်တမ်းကုန်သွား တဲ့ မြန်မာအလုပ်သမားတွေကို ထိုင်းအာဏာပိုင်တွေက စတင်ဖမ်းဆီးနေတာဖြစ်တယ်လို့ ဘန်ကောက်မြို့ စမုတ်စခွန်မြို့နယ်အခြေစိုက် LPN အလုပ်သမားအခွင့်အရေး မြှင့်တင်ရေးကွန်ရက်အဖွဲ့က ပြောပါတယ်။

ထိုင်းအလုပ်သမားဝန်ကြီးဌာနက တင်သွင်းတဲ့ အဆိုပြုချက်ကိုခွင့်ပြုဖို့  ဝန်ကြီးချုပ်ယင်လတ်ရဲ့ အိမ်စောင့်အစိုးရမှာ အခွင့်အာဏာမရှိတဲ့အတွက် ကြန့်ကြာနေတာလည်း ဖြစ်ပါတယ်။ မြန်မာအာဏာပိုင်တွေက လုပ်သက် ၄ နှစ်ရှိ မြန်မာအလုပ်သမားတွေ ထိုင်းနိုင်ငံမှာ ဖမ်းဆီးအရေးယူမခံရဘဲ အလုပ်လုပ်ကိုင်နိုင်တယ် လို့ ပြောနေပေမယ့် ထိုင်းရဲတွေရဲ့ ဖမ်းဆီးမှုကို ခံနေကြရဆဲဖြစ်တယ်လို့ အလုပ်သမားအခွင့်အရေး မြှင့်တင်ရေး ကွန်ရက်အဖွဲ့ ညွှန်ကြားရေးမှူးက ပြောပါတယ်။

မြန်မာအလုပ်သမားတွေကို အခုလိုဖမ်းဆီးပြီး ပြန်ပို့နေမယ်ဆိုရင် ထိုင်းနိုင်ငံရဲ့စီးပွားရေးကို ဆိုးဆိုးဝါးဝါး ထိခိုက်လာနိုင်စရာရှိတာကြောင့် ဖမ်းဆီးတာတွေရပ်တန့်ဖို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနက ထိုင်းရဲတပ်ဖွဲ့ကို မေတ္တာရပ်ခံထားတယ်လို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။