NUG နဲ့ ထိုင်းလွှတ်တော်အမတ်တွေ မြန်မာ့အရေး ဆွေးနွေးမည်

RFA Burmese
2024.03.01
NUG နဲ့ ထိုင်းလွှတ်တော်အမတ်တွေ မြန်မာ့အရေး ဆွေးနွေးမည် စစ်အာဏာသိမ်း သုံးနှစ်ပြည့်အဖြစ် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ ဘန်ကောက်မြို့ရှိ ကုလသမဂ္ဂရုံးရှေ့တွင် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့က ဆန္ဒပြနေကြသည်ကို တွေ့ရစဉ်။
RFA

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ခေါင်းဆောင်တချို့နဲ့ ထိုင်းလွှတ်တော်အမတ်တွေ ပါဝင်မယ့် မြန်မာ့အရေးဆွေးနွေးပွဲတစ်ခုကို မတ်လ ၂ ရက်နေ့ စတင်ကျင်းပမှာ ဖြစ်ပါတယ်။

ထိုင်းလွှတ်တော်ကော်မတီတစ်ခုက စီစဉ်တဲ့ အဲဒီအွန်လိုင်းဆွေးနွေးပွဲကို မြန်မာပြည်ဒီမိုကရေစီရရှိရေးနဲ့ ထိုင်း-မြန်မာ နယ်စပ်လုံခြုံရေးအပေါ် အကျိုးသက်ရောက်မှု (Towards A Democratic Myanmar and Its Impact on Security Along Thai Border) လို့အမည်ပေးထားပြီး မနက် ၉ နာရီ စတင်ကျင်းပမှာ ဖြစ်ပါတယ်။

NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ဦးဆောင်ပြီး ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) နဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) တို့ကလည်း ကိုယ်စားလှယ်တစ်ဦးစီ တက်ရောက် တင်ပြဆွေးနွေးကြမယ်လို့ သိရပါတယ်။

ဒီဆွေးနွေးပွဲအဖွင့်မှာ ထိုင်းနိုင်ငံ အမျိုးသားလုံခြုံရေးနဲ့ နယ်စပ်ရေးရာကော်မတီ ဥက္ကဋ္ဌ Rangsiman Rome နဲ့ အောက်လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ Padipat Suntiphada တို့က ပြောကြားမှာ ဖြစ်ပါတယ်။ အဲဒီနောက် မနက် ၁ဝ နာရီမှာ NUG ကိုယ်စား သံအမတ်ကြီး ဦးကျော်မိုးထွန်းက မြန်မာပြည်ဆိုင်ရာ အချက်အလက်တွေကို တင်ပြမှာဖြစ်ပြီး တစ်ဆက်တည်းကျင်းပတဲ့ ဆွေးနွေးပွဲမှာ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်တွေနဲ့ ထိုင်းလွှတ်တော်ကိုယ်စားလှယ်တွေက မြန်မာပြည်ရဲ့ လက်ရှိအခြေအနေတွေနဲ့ ထိုင်းနိုင်ငံက ပါဝင်ဆောင်ရွက်နိုင်မယ့် အခြေအနေတွေကို တင်ပြပြောဆိုကြမယ်လို့ NUG အစိုးရအသိုင်းအဝိုင်းက ပြောပါတယ်။

မတ်လ ၃ ရက်နေ့အထိ ၂ ရက်ကြာ ကျင်းပမယ့် ဒီဆွေးနွေးပွဲမှာ ထိုင်းအမတ်တွေအပြင် ထိုင်းနိုင်ငံခြားရေးဌာနက အရာရှိဟောင်းတွေ၊ ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် တွမ် အင်ဒရူးနဲ့ ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂကိုယ်စားလှယ် ကိုအောင်ဖုန်းမော်တို့လည်း ပါဝင်ဆွေးနွေးကြမယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။