မြန်မာ့ သဘာဝဓာတ်ငွေ့ ထိုင်းနိုင်ငံ ပိုမို ဝယ်လို

လောင်စာစွမ်းအင် လိုအပ်ချက် တစ်နေ့ထက် တစ်နေ့ တိုးတက် မြင့်မားလာနေတဲ့ ထိုင်းနိုင်ငံဟာ မြန်မာ့ သဘာဝဓာတ်ငွေ့ကို အနာဂတ်မှာ ပိုမို တိုးမြှင့် ဝယ်ယူဖို့ ရှိနေတယ်လို့ ထိုင်းအရာရှိတွေက ပြောကြားလိုက်ပါတယ်။

2011.12.20
gas_fields_PTTEP_305_Z မြန်မာ့ ကမ်းလွန်ပင်လယ်တွင် ထိုင်းနိုင်ငံမှ PTTEP ကုမ္ပဏီ လုပ်ကိုင်ခွင့် ရရှိထားသော သဘာဝ ဓာတ်ငွေ့ လုပ်ကွက်များကို အဝါရောင်ဖြင့် ဖော်ပြထားပါသည်။ (RFA Map)
(RFA Map)

ထိုင်းနိုင်ငံဟာ အခု လက်ရှိမှာ မြန်မာ့ သဘာ၀ ဓာတ်ငွေ့ တစ်ရက်ကို ကုဗပေ သန်းပေါင်း တစ်ထောင့် တစ်ရာ သုံးစွဲနေပါတယ်။ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး အတွက် အများဆုံး သုံးစွဲနေတာပါ။ ဒီပမာဏဟာ ထိုင်းနိုင်ငံ တစ်ခုလုံး အတွက် စုစုပေါင်း လိုအပ်ချက်ရဲ့ လေးပုံတစ်ပုံ ဖြစ်ပါတယ်။

အခုတော့ ထိုင်းနိုင်ငံက မြန်မာ့ သဘာ၀ ဓာတ်ငွေ့ အနည်းဆုံး တစ်ရက်ကို ကုဗပေ သန်းပေါင်း နှစ်ထောင်နှုန်းနဲ့ နှစ် ၂၀ ဝယ်ယူဖို့ ကမ်းလှမ်းနေကြောင်း ထိုင်း စွမ်းအင်ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်က ပြောပါတယ်။

ဒါ့အပြင် မြန်မာနဲ့ ကမ္ဘောဒီးယား နိုင်ငံ ရေပိုင်နက်တွေ အတွင်း စွမ်းအင် သယံဇာတတွေ ရှာဖွေခွင့် ရရှိဖို့လည်း ထိုင်းနိုင်ငံက သက်ဆိုင်ရာ အစိုးရတွေနဲ့ ပြောဆိုနေပါတယ်။ အခု မြန်မာနိုင်ငံမှာ ကျင်းပနေတဲ့ မဲခေါင်ဒေသ ၆ နိုင်ငံ စည်းဝေးပွဲကို တက်ရောက်ဖို့ ရောက်လာတဲ့ ထိုင်း ဝန်ကြီးချုပ်နဲ့အတူ ထိုင်း စွမ်းအင်ဝန်ကြီးလည်း လိုက်ပါလာပြီး မြန်မာ စွမ်းအင်ဝန်ကြီးနဲ့ လောင်စာ စွမ်းအင် ကိစ္စ ဆွေးနွေးခဲ့ပါတယ်။

ထိုင်းနိုင်ငံပိုင် PTT ရေနံ ကုမ္ပဏီဟာ မြန်မာနိုင်ငံရဲ့ ကုန်းတွင်း ရေနံလုပ်ကွက် တစ်ခုနဲ့ ကမ်းလွန် ရေနံလုပ်ကွက် နှစ်ခုတို့မှာ ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ဖို့ စိတ်ဝင်စားကြောင်း ထိုင်းဝန်ကြီးက ပြောသွားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။