ထိုင်းကို အစိုးရချင်းချိတ်ဆက်ပြီး အလုပ်သမားလွှတ်ဖို့ သဘောတူ
2017.07.07

ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံကြားလုပ်သားစေလွှတ်မှုကို အစိုးရချင်းချိတ်ဆက်ပြီး ဆောင်ရွက်ဖို့ သဘောတူလိုက်တယ် လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ က ပြော ပါတယ်။
နေပြည်တော်က အလုပ်သမားဝန်ကြီးရုံးမှာ ထိုင်းအလုပ်သမားဝန်ကြီးနဲ့တွေ့ဆုံပွဲမှာ သဘောတူညီမှုရခဲ့တာလို့ ဦးသိန်းဆွေက တွေ့ဆုံပွဲအပြီး သတင်းထောက်တွေကို အခုလိုပြောပါတယ်။
"အလုပ်သမားတွေပို့ရင်လည်းပဲ လက်မှတ်ထိုးပြီးတော့မှပို့မယ်၊ ကြားပွဲစားကနေမှ ရွာက ကလေးတွေ ကိုလေ လိမ်ညာခေါ်တာတွေ လျော့နည်းပပျောက်သွားအောင် သူ့ဘက်ကလည်းပဲ အလုပ်ရှင်တွေက မှန်မှန်ကန်ကန် အလုပ်ရှင်တွေဖြစ်ဖို့ တခြားနိုင်ငံကိုပို့တဲ့နည်းနဲ့ ဒါကိုလည်း ဆက်လက်ဆောင်ရွက် မယ်လို့ ဆွေးနွေးလိုက်တယ်၊ အထူးသဖြင့် လုပ်သားကိစ္စဆိုရင်တော့ ခိုင်မာတဲ့အထောက်အထားတွေနဲ့ ခိုင်မာတဲ့အာမခံချက်တွေရမှ ကိုယ်တို့ဘက်က ဆက်လက်စေလွှတ်ပေးဖို့ စီစဉ်တာဖြစ်ပါတယ်"
လက်ရှိမှာ မြန်မာလုပ်သားတွေကို တောင်ကိုရီးယားနိုင်ငံနဲ့ အစိုးရချင်း ချိတ်ဆက်ပို့ဆောင်နေပြီး ဂျပန်နိုင်ငံနဲ့ လည်း လုပ်ဆောင်ဖို့ စီစဉ်ဆွေးနွေးနေတယ်လို့လည်း ဦးသိန်းဆွေ က ပြောပါတယ်။
မြန်မာလုပ်သား ၃ သန်းကျော် အလုပ်လုပ်ကိုင်နေတဲ့ ထိုင်းနိုင်ငံမှာ မကြာသေးခင်က ပြဌာန်းလိုက် တဲ့ ရွှေ့ပြောင်း လုပ်သားဥပဒေသစ်ကြောင့် မြန်မာလုပ်သား လေးသောင်းသုံးထောင်ကျော် ပြန်လာကြပါတယ်။