ထိုင်း-မြန်မာ နယ်စပ် ကျွန်းငယ် ၃ ခု ပြဿနာ ပြန်လည်ပေါ်ပေါက်
2013.04.30
ထိုင်း-မြန်မာနယ်စပ်က ကျွန်းငယ် ၃ ခုအပေါ် ပိုင်ဆိုင်မှုပြဿနာ ပြန်လည်ပေါ်ပေါက်လာခဲ့တာနဲ့ ပတ်သက်ပြီး ထိုင်းစစ်တပ်အကြီးအကဲက ထိုင်းလူဆိုးတွေကြောင့် ဖြစ်ရတာလို့ အပြစ်တင်လိုက်ပါတယ်။
ထိုင်းလူမှောင်ခိုဂိုဏ်းတွေဟာ တရားမဝင်အလုပ်သမားတွေကို အဲဒီကျွန်းငယ်တွေပေါ်မှာ ဝှက်ထားကြရာက ပိုင်နက်ပြဿနာ အသစ်တဖန် ပြန်ပေါ်လာရတာလို့ ထိုင်းစစ်တပ်အကြီးအကဲ ဖရာယွတ် ချန်အိုချာက ပြောဆိုကြောင်း ဘန်ကောက်ပို့စ် သတင်းစာက ဖေါ်ပြပါတယ်။
TBC ခေါ် ထိုင်းမြန်မာနယ်စပ်ကော်မတီဝင် မြန်မာကိုယ်စားလှယ်တွေက ၁၉၃၉ ခုနှစ် ဗြိတိသျှအစိုးရ ရေးဆွဲခဲ့တဲ့မြေပုံတွေအရ အဲဒီကျွန်းငယ်တွေဟာဟာ မြန်မာနိုင်ငံပိုင်နက်အတွင်းမှာရှိကြောင်း၊ အဲဒီခွန်လမ်၊ ခွန်ခမ်နဲ့ ခွန်ခီနော့ ကျွန်းတွေပေါ်ကို ထိုင်းလူမျိုးတွေ တက်ရောက်နေတဲ့အပေါ် မြန်မာအစိုးရက တားမြစ်လိုက်ကြောင်း ပြောကြားခဲ့ပါတယ်။
ထိုင်းဗိုလ်ချုပ်ကြီး ဖရာယွတ်ကတော့ ဒီကျွန်းတွေရဲ့ ပိုင်ဆိုင်မှု ပြဿနာဟာ ကြာမြင့်လှပြီဖြစ်ကြောင်း၊ ဒီကျွန်းတွေကို ဘယ်ဘက်ကမှ အသုံးမပြုကြဖို့ TBC ခေါ် ထိုင်း မြန်မာ နယ်စပ်ကော်မတီမှာ နှစ်နိုင်ငံသဘောတူညီခဲ့ကြကြောင်း၊ ဒါပေမယ့် ထိုင်းလူမှောင်ခိုဂိုဏ်းတွေကြောင့် ဒီပြဿနာဟောင်းဟာ အသစ်ဖြစ်လာရကြောင်း ပြောဆိုပါတယ်။
ဒီအတွက် ဘယ်သူ့ကိုမှ အပြစ်မတင်ချင်ဘဲ ကိုယ့်လူမျိုးကိုယ်သာ အပြစ်တင်ချင်ပါတော့တယ်၊ သူတို့ဟာ တိုင်းပြည်မျက်နှာမကြည့်ဘဲ ကိုယ်ကျိုးကိုသာကြည့်တဲ့ မျိုးချစ်စိတ်ကင်းမဲ့သူတွေပါပဲလို့ ထိုင်းစစ်တပ်အကြီးအကဲက ပြောကြားလိုက်ပါတယ်။
ဒါပေမဲ့ ဒီပြဿနာမှာ မြန်မာတချို့လည်း ပါဝင်နေပါတယ်၊ ဒီပြဿနာနဲ့ ပတ်သက်လို့ နှစ်ဘက်ဆွေးနွေးခဲ့ကြပြီး၊ ဒီကျွန်းတွေပေါ်မှာ တက်ရောက်နေသူတွေကို မောင်းထုတ်ဖို့ နှစ်ဘက်သဘောတူခဲ့ကြတယ်လို့ ဗိုလ်ချုပ်ကြီး ဖရာယွတ် ပြောပါတယ်။