ထိုင်းရောက် မြန်မာများအတွက် သင်တန်းသစ်စမည်


2014.01.27

ထိုင်းနိုင်ငံမှာ နေထိုင်အလုပ်လုပ်ကိုင်နေတဲ့ မြန်မာတွေထဲက ပညာဆက်လက်သင်ကြားလိုသူတွေအတွက် ထိုင်းနိုင်ငံ ချင်းမိုင်မြို့အခြေစိုက် ပညာရေးပေါင်းကူးသင်တန်းကျောင်း BEAM Education Foundation က  အခုနှစ် ၂၀၁၄ ပညာသင်နှစ်မှာ ထိုင်း - မြန်မာ ပေါင်းစပ်ပညာရေးပုံစံသစ်နဲ့ ပထမဆုံး သင်ကြားပေးသွားမယ်လို့ သိရပါတယ်။

ထိုင်း - မြန်မာ ပေါင်းစပ်ပညာရေး ပုံစံသစ်ဆိုတာဟာ အာဆီယံဒေသတွင်း ကိုက်ညီသင့်တော်မယ့် ဘာသာရပ်ဆိုင်ရာသင်ရိုးတွေနဲ့ သင်ကြားပို့ချမှာဖြစ်ပြီး ထိုင်း - မြန်မာနှစ်နိုင်ငံက အသိအမှတ်ပြုတဲ့ အဆင့်မြင့်ပညာ ဆက်လက်သင်ယူနိုင်ဖို့ဖြစ်တယ်လို့  ပညာရေးဆိုင်ရာတာဝန်ခံ ဦးကျော်ကျော်မင်းထွဋ္ဋ်က ပြောပါတယ်။

“ရည်ရွယ်ချက်ကတော့ သုံးမျိုး ရှိပါတယ်။ ရည်ရွယ်ချက်တစ်ခုကတော့ ကျနော်တို့ရဲ့ နိုင်ငံသားတွေ ထိုင်းနိုင်ငံအတွင်းမှာ နေနေတဲ့အခါမှာ လိုအပ်တဲ့အသိပညာနဲ့ ကျွမ်းကျင်မှုရရှိဖို့၊ ဒုတိယရည်ရွယ်ချက်ကတော့ ကျနော်တို့ နိုင်ငံသားတွေ မြန်မာနိုင်ငံ ပြန်သွားတဲ့အခါမှာ မြန်မာနိုင်ငံမှာ လက်ရှိရှိနေတဲ့၊ နောက်ပြီးတော့ အရှေ့မှာ ပြောင်းလဲမယ့် ပညာရေးစနစ်မှာ ထပ်ဖြည့်စွက်နိုင်ဖို့။ နောက်ပြီးတော့ ပြည်တွင်းမှာရှိနေတဲ့ လုပ်သားတစ်ခုခုကို ပြန်ဝင်တဲ့အခါမှာ အဆင်သင့်ဖြစ်ပြီးသားဖြစ်ဖို့။ နောက်ဆုံးတစ်ချက်ကကျတော့ ဒီအာဆီယံဒေသစီးပွားရေး ပူးပေါင်းဆောင်ရွက်တဲ့အခါမှာ ဒီလုပ်သားတွေဟာ လိုအပ်တဲ့အသိပညာနဲ့ ကျွမ်းကျင်မှုကို ပြင်ဆင်ပြီးသားဖြစ်ဖို့ အဲ့ဒီ ရည်ရွယ်ချက်သုံးခုနဲ့ အဓိက ကျနော်တို့လုပ်ပါတယ်“

ဒီအစီအစဉ်ဟာ ပညာရေးဆိုင်ရာနဲ့ အသက်မွေးဝမ်းကြောင်းဆိုင်ရာ လိုအပ်တဲ့ အသိပညာဗဟုသုတတွေ၊ ဘဝနဲ့ လုပ်ငန်းခွင်ဆက်စပ်မှုဆိုင်ရာ အခြေခံကျွမ်းကျင်မှုတွေ သင်ကြားပေးဖို့ဖြစ်ပြီး ဒီကျောင်းကရတဲ့ အောင်လက်မှတ်နဲ့ ထိုင်းနဲ့  မြန်မာနိုင်ငံတို့က တက္ကသိုလ်တွေ၊ နိုင်ငံတကာပညာရေး အစီအစဉ်တွေကို ဆက်ပြီးတက်ရောက်ဆည်းပူးနိုင်ဖို့ ဖြစ်တယ်လို့လည်း သိရပါတယ်။

အခုလာမယ့် ဖေဖေါ်ဝါရီလထဲမှာ စတင်သင်ကြားပြီး ပညာသင်နှစ် ၂ နှစ်ကြာမြင့်မယ့် ဒီအစီအစဉ်ကို ဒေသတွင်းကောလိပ်၊ တက္ကသိုလ်တွေမှာ ပညာဆက်လက်သင်ယူလိုတဲ့ ဆန္ဒရှိသူတွေ အဆင့်မြင့်ပညာရပ်တွေကို ဆက်လက်ဆည်းပူးလေ့လာလိုသူတွေ၊ အသက်မွေးဝမ်းကြောင်းပညာရပ်နဲ့ ရပ်တည်လိုသူတွေ လျှောက်ထားနိုင်ပြီး အနိမ့်ဆုံး မြန်မာနိုင်ငံ အလယ်တန်းအဆင့်ရှိသူတွေဖြစ်ရမယ်လို့ သိရပါတယ်။

မြန်မာစာ၊ ထိုင်းစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ လူမှုရေးနဲ့ အသုံးချသိပ္ဗံဘာသာရပ်တွေအပါအဝင် ထိုင်း - မြန်မာ နှစ်နိုင်ငံ သမိုင်းအကျဉ်း၊ အာဆီယံ ပထဝီအနေအထားအကျဉ်း၊ နှစ်နိုင်ငံ နိုင်ငံရေးစနစ်တွေ၊ ငြိမ်းချမ်းရေးဆိုင်ရာ ဘာသာရပ်တွေ၊ လူမှုအဖွဲ့အစည်းနဲ့ ယဉ်ကျေးမှုဆိုင်ရာ၊ ဖွံ့ဖြိုးရေးဆိုင်ရာ၊ ပတ်ဝန်းကျင်နဲ့ သဘာ၀ အရင်းအမြစ်ဆိုင်ရာ၊၊ ကွန်ပျူတာနဲ့ နည်းပညာဆိုင်ရာ၊ အာဆီယံသမိုင်းကြောင်း စတဲ့ဘာသာရပ်တွေကို သင်ကြားပို့ချမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

BEAM Education Foundation အဖွဲ့ဟာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ တရားဝင်အခြေစိုက်တဲ့ အဖွဲ့အစည်း တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံကနေ ရွှေ့ပြောင်းနေထိုင် အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသားတွေ အတွက် အဆင့်မြင့်ပညာရေး၊ အသက်မွေးဝမ်းကြောင်းနဲ့ ယဉ်ကျေးမှုဆိုင်ရာ ပညာပေးအစီအစဉ်နဲ့ အခွင့်အလမ်းတွေကို လက်ကမ်းကူညီပေးနေတဲ့အဖွဲ့ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။