သုံးနှစ်ကျော်အတွင်း စာသင်ကျောင်း ၁၃၀ ကျော်တိုက်ခိုက်ခံရကြောင်း Myanmar Witness ထုတ်ပြန်

RFA Burmese
2024.07.20
သုံးနှစ်ကျော်အတွင်း စာသင်ကျောင်း ၁၃၀ ကျော်တိုက်ခိုက်ခံရကြောင်း Myanmar Witness ထုတ်ပြန် ဖရူဆိုအရှေ့ဘက်အခြမ်း ကျေးရွာအချို့ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ပျက်စီးသွားသည့် စာသင်ကျောင်းဆောင်တစ်ခုအား ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့က တွေ့ရစဉ်။
ကရင်နီလူ့အခွင့်အရေးအဖွဲ့

[Update: 9:50 PM, July 21, 2024]

စစ်တပ်အာဏာသိမ်းထားတဲ့ သုံးနှစ်ကျော်အတွင်း စစ်ကောင်စီတပ် တိုက်ခိုက်မှုတွေကြောင့် စာသင်ကျောင်းပေါင်း ၁၃၀ ကျော်ထက်မနည်း ပျက်စီးခဲ့တယ်လို့ ဇူလိုင်လ ၂၀ ရက်နေ့က ထုတ်ပြန်တဲ့ ဗြိတိန်အခြေစိုက် လွတ်လပ်တဲ့ သတင်းအချက်အလက် ရှာဖွေဖော်ထုတ်ရေးအဖွဲ့ Centre for Information Resilience (CIR) ရဲ့ Myanmar Witness အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

စစ်တပ်အာဏာသိမ်းချိန်ကနေ ၂၀၂၄ ဧပြီလ ၃၀ ရက်နေ့အထိ စာသင်ကျောင်းတွေနဲ့ တက္ကသိုလ်တွေကို ထိခိုက်ပျက်စီးစေတဲ့ တိုက်ခိုက်မှု ၁၇၄ ကြိမ် ရှိခဲ့ပြီး စာသင်ကျောင်း ၁၃၃ ကျောင်းထက်မနည်း ပျက်စီးခဲ့တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။

စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုတွေ၊ မြေပြင်ထိုးစစ်နဲ့ မီးလောင်မှုတွေကြောင့် စာသင်ကျောင်းတွေ ပျက်စီးခဲ့ရတာလို့လည်း ရေးသားထားပါတယ်။

လေကြောင်းတိုက်ခိုက်မှုတွေကြောင့် စာသင်ကျောင်းတွေနဲ့ တက္ကသိုလ်တွေ အများဆုံး ပျက်စီးခဲ့ပြီး ဒီတိုက်ခိုက်မှုတွေအတွင်း သေဆုံးသူ ၆၄ ဦးနဲ့ ဒဏ်ရာရရှိသူ ၁၀၆ ဦးရှိတယ်လို့ ဆိုပါတယ်။

Myanmar Witness ရဲ့စီမံကိန်းဒါရိုက်တာ Matt Lawrence ကတော့ "မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေဟာ အရပ်သားတွေ ထောင်နဲ့ချီ သူတို့ရဲ့ အိုးအိမ်တွေကနေ အပြီးအပိုင်စွန့်ခွာရပြီး ဆိုးရွားတဲ့အကျိုးဆက်တွေ ရှိနေပါတယ်။ တိုက်ခိုက်မှုတွေရဲ့ အဲဒီလိုအကျိုးဆက်တွေကို ကြုံတွေ့ခဲ့ရတဲ့ ကျောင်းသူကျောင်းသား မျိုးဆက်တွေအတွက် သူတို့ရဲ့ ပညာရေး မျှော်လင့်ချက်ကို ဝေးကွာသွားစေပါတယ်။ ဒီစုံစမ်းစစ်ဆေးမှုက ဖြစ်ပွားခဲ့တာတွေအားလုံးရဲ့ တစ်စိတ်တစ်ပိုင်းကိုပဲ ထင်ဟပ်နေတာဖြစ်ပြီး လက်တွေ့မှာ အပျက်အစီး အထိအခိုက်များနဲ့ ပညာရေးလေ့လာနိုင်ခွင့်ကို နှောင့်ယှက်မှုတွေက Open Source က ဖော်ပြနိုင်တာထက် ပိုမိုကျော်လွန်ပါတယ်" လို့ ပြောထားပါတယ်။

ဒီစာသင်ကျောင်း ပျက်စီးမှုတွေမှာ စစ်ကိုင်းတိုင်းက အများဆုံးဖြစ်ပြီး အားလုံးရဲ့ သုံးပုံတစ်ပုံခန့်ရှိတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ နိုင်ငံတကာဥပဒေတွေအရ စာသင်ကျောင်းတွေကို အကာအကွယ်ပေးထားပေမဲ့ လက်တွေ့မှာတော့ အကာအကွယ်မရရှိဘူးလို့လည်း ဆိုပါတယ်။

ပညာရေးအကာအကွယ် ကမ္ဘာလုံးဆိုင်ရာ မဟာမိတ်အဖွဲ့ (GCPEA) အစီရင်ခံစာအရ ၂၀၂၂ ခုနှစ် ဇွန်လက ကျောင်းအပ်နှံမှုဟာ ရှေ့နှစ်နှစ်ထက် ၈၀ ရာခိုင်နှုန်းလျော့သွားပြီး ကလေး ၇.၈ သန်း ကျောင်းတွေကို စွန့်ခွာသွားတယ်လို့လည်း ဖော်ပြထားတယ်။

၂၀၂၁ စစ်တပ်အာဏာသိမ်းချိန်ကနေ ၂၀၂၂ နှစ်ကုန်အထိ ကျောင်း ဒါမှမဟုတ် ကျောင်းဝန်ထမ်းတွေ တိုက်ခိုက်မှု ၂၆၀ ခန့်ရှိတယ်လို့ UNHCR ကလည်း မှတ်တမ်းတင်ထားတယ်လို့ ဆိုပါတယ်။

ဗြိတိန်နိုင်ငံခြားရေးဌာန ပြောခွင့်ရှိသူကလည်း Myanmar Witness အစီရင်ခံစာမှာပါရှိတဲ့ အချက်အလက်တွေအတိုင်း မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် စာသင်ကျောင်းတွေ ဖျက်ဆီးခံနေရပြီး၊ အရပ်သားတွေ အထိအခိုက်များနေသလို၊ ပညာရေးအခွင့်အလမ်းတွေ မရှိအောင် ဖိနှိပ်ခံနေရတယ်လို့ RFA ကို အီးမေးလ်ကတစ်ဆင့် ပြောပါတယ်။

ကျောင်းတွေဟာ လုံလုံခြုံခြုံနဲ့ စာသင်ကြရမယ့် နေရာသာဖြစ်သင့်ပြီး၊ ပဋိပက္ခတွေကြားမှာ ထိခိုက်ပျက်စီးရတာမျိုး မဖြစ်သင့်ကြောင်း၊ စာသင်ကျောင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်တာ မလုပ်ဖို့ သက်ဆိုင်သူအားလုံးကို တိုက်တွန်းကြောင်း၊ အထူးသဖြင့် မြန်မာစစ်တပ်အနေနဲ့ လေကြောင်းသုံးတိုက်ခိုက်နေတာ၊ ကျောင်းတွေအပါအဝင် အရပ်သားအဆောက်အဦတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတာ ချက်ချင်းရပ်ဖို့လည်း ထပ်မံတောင်းဆိုကြောင်း ပြောထားပါတယ်။

(မှတ်ချက်။ ဤသတင်းတွင် ဗြိတိန်နိုင်ငံခြားရေးဌာန ပြောခွင့်ရှိသူ၏ မှတ်ချက်ကို ဖြည့်စွက်ရေးသားထားပါသည်။)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။