ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင် အတွင်း မြန်မာနိုင်ငံက စိတ်ကြွဆေးပြားများ ဖမ်းမိ


2013.05.26

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်းခရိုင်အတွင်းမှာ မြန်မာနိုင်ငံဘက်ခြမ်းကနေ သယ်ဆောင်လာတဲ့ ထိုင်းဘတ်ငွေ သန်း ၂၀၀ နီးပါးခန့်တန်ဖိုးရှိ ယာဘ (ခေါ်) အင်ဖက်တမင်း စိတ်ကြွဆေးပြား ၆ သိန်းနဲ့အတူ သယ်ဆောင်လာသူ ၄ ဦးကို ဒီကနေ့ မနက်က ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းနယ်စပ် အာဏာပိုင်တွေက ပြောပါတယ်။

ဒီမူးယစ်ဆေးဝါးတွေကို ချင်းရိုင်းခရိုင် မယ်ဖာလုံမြို့နယ် ထပ်ထိုင်းကျေးရွာအနီး ထိုင်း-မြန်မာ နယ်စပ်ကနေတဆင့် ဘန်ကောက်မြို့က နိုင်ထွန်း ဆိုသူဆီကိုသွားပို့ချိန်မှာ ထိုင်းမူးယစ်ဆေးဝါး တားဆီးကာကွယ် တိုက်ဖျက်ရေးအဖွဲ့က သတင်းရရှိပြီး ချုင်းရိုင်းမြို့ ရဲစခန်းအနီးမှာ ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ ထိုင်းစစ်တပ်အရာရှိတစ်ဦးက ပြောပါတယ်။

အဲဒီ မယ်ဖာလုံမြို့နယ် ထပ်ထိုင်းကျေးရွာနဲ့ မျက်နှာချင်းဆိုင်  မြန်မာနိုင်ငံဘက်ခြမ်းဟာ ပြည်သူ့စစ်ခေါင်းဆောင် ဗိုလ်မှူး ယီဆေး အုပ်ချုပ်တဲ့နယ်မြေ ဖြစ်တယ်လို့လည်း သိရပါတယ်။

ဖမ်းဆီးရမိသူတွေဟာ ထိုင်းနိုင်ငံသား တောင်ပေါ်တိုင်းရင်းသား လူမျိုး ၃ ဦးနဲ့ တပ်ခ်ခရိုင် မဲဆောက်မြို့အနီး ဖုတ်ဖရမြို့နယ်က ထိုင်းနိုင်ငံသားတစ်ဦးတို့ ဖြစ်ကြပါတယ်။

သူတို့ဟာ ဘန်ကောက်မြို့က နိုင်ထွန်းဆိုသူထံကနေ ဒီမူးယစ်ဆေးဝါးတွေပို့ဆောင်ခအဖြစ် ထိုင်းဘတ်ငွေ ၉ သောင်းလက်ခံရရှိထားပြီး ဒီမူးယစ်ဆေးတွေ ရောက်ရှိခဲ့ရင်တော့ ဘတ်ငွေ တစ်သန်း ရရှိမှာဖြစ်တယ်လို့လည်း သိရပါတယ်။

အလားတူ ပြီးခဲ့တဲ့ မေလ ၁၄ ရက်နေ့တုန်းကလည်း တာချီလိတ်မြို့ တဖက်ကမ်း မယ်ဆိုင်မြို့ နယ်စပ် အနီးမှာ ထိုင်းဘတ်ငွေ သန်း ၆၀၀ ခန့်တန်ဖိုးရှိတဲ့ အက်ဖက်တမင်း စိတ်ကြွဆေးပြား အလုံးရေ တစ်သန်းခြောက်သိန်း ခြောက်သောင်းနဲ့ ယာအိုင်စ် လို့ခေါ်တဲ့ မူးယစ်ဆေး ၄၃ ကီလို ဖမ်းဆီး ရမိခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။