ထိုင်းကို တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာလုပ်သားတွေမှာ ကိုဗစ်ပိုးတွေ့ရှိ
2022.03.02

ထိုင်း- မြန်မာနယ်စပ်ကနေ အထောက်အထားမဲ့ ဝင်လာတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမား ၁၀၀ ကျော်ဟာ မတ်လ ၁ ရက်နေ့ တစ်ရက်ထဲမှာတင် ဖမ်းဆီးခံရပြီး ဖမ်းခံရသူတွေထဲမှာ ကိုဗစ်ရောဂါပိုး ကူးစက်ခံထားရသူတွေ ရှိနေတယ်လို့ မတ်လ ၂ ရက်နေ့ထုတ် ဘန်ကောက်ပိုစ့် သတင်းမှာ ဖော်ပြထားပါတယ်။
မတ်လ ၁ ရက်နေ့မှာ ရနောင်းခရိုင်၊ ဘန်ရင်းမြို့နယ်က တည်းခိုခန်းတစ်ခုမှာ မြန်မာရွှေ့ပြောင်းအလုပ်သမား ၄၅ ဦးကို တရားမဝင်ဝင်ရောက်မှုနဲ့ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး သူတို့တွေထဲက ၉ ဦးမှာ ကိုဗစ်ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံ၊ နခွန်စဝမ်ခရိုင်၊ ဖယုဟခီရီမြို့နယ်အတွင်း အမြန်လမ်းပေါ်မှာ မောင်းပြေးတဲ့ ပစ်ကပ်ကားနှစ်စီးနဲ့ တင်ဆောင်လာတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၄၄ ဦးကို အင်္ဂါနေ့အစောပိုင်းက ထိုင်းရဲတပ်ဖွဲ့ ကနေ ဖမ်းဆီးခဲ့တယ်လို့လည်း ဘန်ကောက်ပို့စ်မှာ ဖော်ပြထားပါတယ်။
အခုနောက်ပိုင်း တရားမဝင် ဝင်လာလို့ ဖမ်းဆီးခံရသူတွေထဲမှာ ကိုဗစ်ရောဂါပိုး ကူးစက်ခံရမှုတွေ ရှိလာလို့ တရားဝင်လမ်းကြောင်းတွေ အမြန်ဆုံး အကောင်အထည် ဖော်သင့်တယ်လို့ အလုပ်သမားအရေး ဆောင်ရွက်နေတဲ့ ထိုင်းအခြေစိုက် ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (FED) က အလုပ်သမားတာဝန်ခံ ဦးမင်းဦးက ပြောပါတယ်။
“ကျနော်တို့ ဒီဘက်မှာ ၄၅ ယောက် ပတ်ဝန်းကျင်က သတင်းပေးလို့ သွားစစ်ဆေးတာ အဖမ်းခံရတယ်။ ရောဂါဖြစ်တာက ၉ ယောက်လို့ ပြောတယ်။ အဓိက တရားဝင်နဲ့ အဆင်ပြေပြေလာဖို့ အမြန်ဆုံး အကောင်အထည် မဖော်နိုင်ရင်တော့ ဒီပြဿနာတွေ ဖြစ်နေမှာဘဲ။ နောက်တစ်ခုကလည်း ဖမ်းဆီးအရေးယူမှုအပိုင်း ပွဲစားတွေ လူကုန်ကူးသမားတွေ ဖမ်းဆီးအရေးယူမှု အပိုင်းမှာလည်း အားနည်းတယ်"
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ကလည်း ရနောင်းခရိုင်မှာ တရားမဝင် ဝင်လာလို့ ဖမ်းဆီးခံရသူ ၁၆ ဦးရှိပြီး သူတို့ထဲက ၆ ဦးမှာ ကိုဗစ်ရောဂါပိုး တွေ့ရှိခဲ့တယ်လို့ ဦးမင်းဦးက ပြောပါတယ်။ ကိုဗစ်ရောဂါပိုး ကူးစက်ခံရသူတွေကို ဆေးကုသမှု ခံယူဖို့ သီးခြားခွဲထားလိုက်ပြီး ဥပဒေအရအရေးယူပြီး ပြည်နှင်ဒဏ် ပေးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
တာခ့်ခရိုင် မဲဆောက်မြို့နယ်ထဲမှာလည်း မြန်မာရွှေ့ပြောင်း အလုပ်သမား ၄၃ ဦးကိုမတ်လ ၁ ရက်နေ့မှာ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်လို့ ဘန်ကောက်ပိုစ့်သတင်းမှာ ဖော်ပြထားပါတယ်။
၂၀၂၂ ခုနှစ် ဇန်နဝါရီလ တစ်လထဲမှာပဲ တရားမဝင် ဝင်လာတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမား လေးထောင်ကျော်နဲ့ ဖေဖော်ဝါရီလထဲမှာ ငါးထောင်ကျော် ဖမ်းဆီးခံရပါတယ်။