မြန်မာဘက်ခြမ်းရှာဖွေမှု ၃ ရက်မြောက်နေ့ ထူးခြားမှုမရှိသေး


2018.06.30
thai-foot-ball-club-622.jpg ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်ခရိုင်က လှိုဏ်ဂူထဲ ပိတ်မိနေတဲ့ ကလေး ၁၂ ဦးနဲ့ ဘောလုံးနည်းပြတို့ကို မြန်မာဘက်ခြမ်းမှာ ၂ဝ၁၈ ခုနှစ် ဇွန်လ ၃ဝ ရက်နေ့က ရှာဖွေရေးလုပ်ငန်းများ လုပ်ဆောင်နေစဉ်
ဓါတ်ပုံ - ပုန်းထွန်ရပ်ကွက်ရုံး

ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ ထမ့်လုံခွန်နမ့် လိုဏ်ဂူအတွင်း ပိတ်မိနေတဲ့ လူငယ် ၁၃ ယောက်ကို မြန်မာဘက်အခြမ်းက လိုဏ်ဂူတွေမှာ တာချီလိတ်ခရိုင်ရဲတပ်ဖဲ့ွ၊ ကြက်ခြေနီနဲ့ မီးသတ်အင်အား ၅ဝ လောက်က ရှာဖွေနေတာ ဒီနေ့ဆိုရင် ၃ ရက်ရှိနေပြီဖြစ်ပေမယ့် ထူးခြားမှုတစ်စုံတစ်ရာ မတေ့ွရသေးဘူးလို့ ရှာဖွေရေးလုပ်ငန်းမှာ ပါဝင်သူတွေက ပြောပါတယ်။

ထိုင်း-မြန်မာနယ်စပ်က ထိစပ်နေတဲ့ ဂူတွေမှာ ပူးပေါင်းအင်အားနဲ့ ရှာဖွေနေတာဖြစ်တယ်လို့ တာချီလိတ်ခရိုင် ကြက်ခြေနီတပ်ဖွဲ့မှူး ဦးဘမိုးမြင့်က ပြောပါတယ်။

"ထိုင်းနိုင်ငံဘက်က တာဝန်ရှိသူတွေက  လှမ်းပြီးအကြောင်းကြားတဲ့ ထိုင်းနဲ့ မြန်မာထိစပ်တဲ့ ဂူတွေ ဂူပေါက်တွေကို ပူးပေါင်းအင်အားတွေနဲ့ ရှာဖွေလျှက်ရှိပါတယ်၊ သူတို့ပြောတဲ့နေရာတွေကို လိုက်ပြီးရှာတဲ့အခါ တချို့နေရာတွေက ဂူပိတ်တွေဖြစ်တယ်၊ တချို့ကတော့ ၁ဝ ပေ၊ ပေ ၂ဝ အဲဒီလောက်မှာရှိတယ်။ ဂူပိတ်တွေ များပါတယ်။ သူတို့ဘက်ကတော့ တကယ်လို့များ ဂူထဲကနေပြီးတော့ ဒီကလေးတွေက တခြားတနေရာကို ရောက်သွားမယ်ဆိုရင် နယ်စပ်က ဂူပေါက်တွေကနေ ပြန်ထွက်လာနိုင်တယ်ဆိုတဲ့ အနေအထားမျိုးနဲ့ သူတို့ကလည်း အကူအညီတောင်းတဲ့သဘောပါ "

ဇွန်လ ၂၈ ရက်နေ့ ညနေပိုင်းကစပြီး တာချီလိတ်ခရိုင် တာဝန်ရှိသူတွေ၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့၊ ရဲတပ်ဖွဲ့ တွေအပြင် ပရဟိတအသင်းအဖွဲ့တွေ ဒေသခံတွေက တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်မှာရှိတဲ့ လှိုဏ်ဂူတွေနဲ့ ထိုင်း မြန်မာနယ်စပ်တစ်လျှောက်က လှိုဏ်ဂူတွေမှာ ရှာဖွေရေးဆောင်ရွက်နေတာဖြစ်ပါတယ်။

ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့မှာရှိတဲ့ ထမ့်လုံခွန်နမ့် လှိုဏ်ဂူထဲကို ထိုင်းလူငယ် ၁၃ ယောက်က ပြီးခဲ့တဲ့ ဇွန်လ ၂၃ ရက်နေ့ က ဝင်ရောက်သွားပြီး ပျောက်ဆုံးနေတာဖြစ်ပါတယ်။

ထိုင်း လူငယ် ၁၃ ယောက် လှိုဏ်ဂူအတွင်းပိတ်မိနေတာနဲ့ ပတ်သက်ပြီး ပူးပေါင်းကူညီဆောင်ရွက်ပေးနိုင်ဖို့  ပြည်ထောင်စုအစိုးရက နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ရှမ်းပြည်နယ် အစိုးရအဖွဲ့တို့ကို ပြီးခဲ့တဲ့ ဇွန်လ ၂၈ ရက်နေ့က ညွှန်ကြားခဲ့ပြီးနောက် မြန်မာ-ထိုင်း နှစ်နိုင်ငံ နယ်ခြားကော်မတီအကြား ချိတ်ဆက်ဆောင်ရွက်နေတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။