ဘန်ကောက်အနီး ကားမှောက်မှု မြန်မာ ခုနစ်ဦး သေဆုံး

RFA Burmese
2024.11.20
ဘန်ကောက်အနီး ကားမှောက်မှု မြန်မာ ခုနစ်ဦး သေဆုံး ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့က ဘန်ကောက်မြို့အနီးတွင် မြန်မာနိုင်ငံသားတစ်ဦး မောင်းလာသည့်ကား တိမ်းမှောက်နေသည်ကို တွေ့ရစဉ်။
Facebook/Khaosod

ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီးမှာ မြန်မာနိုင်ငံသားတစ်ဦး မောင်းလာတဲ့ ကားအရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ရာမှာ ကားပေါ်လိုက်ပါလာတဲ့ မြန်မာ ခုနစ်ဦး သေဆုံးသွားတယ်လို့ ဘန်ကောက်ပို့စ်သတင်းက ဖော်ပြပါတယ်။

နိုဝင်ဘာ ၂ဝ ရက်နေ့ မနက်အစောပိုင်းမှာ ထိုင်းရဲတပ်ဖွဲ့က စစ်ဆေးဖို့ ကားရပ်ခိုင်းတာကို မရပ်ဘဲ မောင်းပြေးရာကနေ အရှိန်မထိန်းနိုင်ဘဲ ဓာတ်တိုင်ကို ဝင်တိုက်မိပြီး ကားက မြောင်းထဲထိုးကျသွားတာလို့ ဘန်ကောက်ပို့စ်သတင်းက ဖော်ပြပါတယ်။

ကားပေါ်လိုက်ပါလာသူ အမျိုးသား နှစ်ဦးနဲ့ အမျိုးသမီး ငါးဦး သေဆုံးခဲ့တာဖြစ်ပါတယ်။ နှစ်ဦးရဲ့ ရုပ်အလောင်းကို ကားပေါ်မှာ တွေ့ရှိခဲ့ပြီး ကျန်တဲ့ ငါးဦးကိုတော့ မြောင်းထဲမှာ တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။

အသက် နှစ်ဆယ်ကျော်အရွယ် မြန်မာနိုင်ငံသား ကိုအောင်အောင်ဦးရဲ့ ယာယီယာဉ်မောင်းလိုင်စင်ကို ထိုင်းကူညီကယ်ဆယ်ရေးအဖွဲ့က တွေ့ရှိထားပြီး ကျန်တဲ့သူတွေရဲ့ အထောက်အထားတွေကိုတော့ မတွေ့သေးပေမဲ့ အားလုံးက မြန်မာနိုင်ငံသားတွေဖြစ်တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ယူဆပါတယ်။ သူတို့နဲ့အတူ ထိုင်းငွေ ဘတ် တစ်သောင်းသုံးထောင်နဲ့ အသုံးအဆောင်ပစ္စည်းတချို့ကို တွေ့ရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောထားပါတယ်။

သေဆုံးသူတွေဟာ တခြားပြည်နယ်တစ်ခုကို အလုပ်သွားလုပ်ဖို့ သွားကြတဲ့ အလုပ်သမားတွေ ဖြစ်နိုင်တယ်လို့ ရဲတပ်ဖွဲ့ ပြောဆိုချက်ကို ဘန်ကောက်ပို့စ်က ဖော်ပြထားပါတယ်။ နိုဝင်ဘာ ၂ဝ ရက်နေ့ မနက် လေးနာရီလောက်ကလည်း တာ့ခ်ခရိုင်မှာ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ကိုးဦးကို ထိုင်းရဲတပ်ဖွဲ့ဖမ်းဆီးထားတယ်လို့ Khaosod သတင်းဌာနက ဖော်ပြထားပါတယ်။ အဲဒီကိုးဦးထဲမှာ ကလေးနှစ်ဦးနဲ့ အမျိုးသမီးတွေလည်း ပါဝင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။