မြန်မာနိုင်ငံဘက်ခြမ်းကနေ မူးယစ်ဆေးဝါး သယ်ဆောင်လာသူ ၅ ဦး ကျဆုံး
2014.11.11
မြန်မာနိုင်ငံဘက်ခြမ်းကနေ မူးယစ်ဆေးဝါး သယ်ဆောင်လာတဲ့ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့နဲ့ ထိုင်းနယ်ခြားစောင့် တပ်တွေ ဒီကနေ့ မနက်ပိုင်းက ထိုင်း-မြန်မာနယ်စပ်အနီးမှာ ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့အတွက် မူးယစ်ဆေးဝါး သယ်ဆောင်လာသူ ငါးယောက်ကျဆုံးပြီး စိတ်ကြွဆေးပြား ၄ သိန်းကျော်နဲ့ လက်နက်တွေ သိမ်းဆည်းရမိခဲ့တယ်လို့ ထိုင်းနယ်ခြားစောင့်တပ်က ပြောပါတယ်။
ဒီကနေ့ မနက် ၉ နာရီ ခွဲလောက်က ရှမ်းပြည်အရှေ့ပိုင်း ပုံပါကျင်းမြို့နယ်အနီး၊ ထိုင်းနိုင်ငံဖက်ခြမ်း ချင်းဒေါင်းမြို့နယ် မယ်နာ့ကျေးရွာအုပ်စုက ထိုင်း-မြန်မာနယ်စပ် ဆမ်ကြပ်ရွာအနီးမှာ ဖြစ်ပွားခဲ့တာလို့ ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့က အရာရှိတစ်ဦးက ပြောပါတယ်။
“နယ်ခြားစောင့် ရဲတပ်ဖွဲ့ ၃၃၅ က တပ်ဖွဲ့ဝင်တွေနဲ့ မူးယစ်ဆေးဝါးသယ်ဆောင်လာတဲ့ မူးဆေးအဖွဲ့တွေ ဘန့်ဆမ်ကြပ် ရွားနားမှာပစ်ခတ်ခဲ့ကြတာဖြစ်ပါတယ်။ မြန်မာဘက်ခြမ်းက ဝင်ရောက်လာတဲ့ ၁၀ ယောက်လောက်ကို နယ်ခြားစောင့်တပ်ဖွဲ့က စစ်ဆေးဖို့ ရပ်ခိုင်းရာမှာ သူတို့က မရပ်ပေးပါဘူး။ အဲဒီနောက် မိနစ် ၂၀ လောက် အပြန်အလှန်ပစ်ခတ်ခဲ့တာပါ။ သူတို့ဘက်က ငါးယောက်သေဆုံးပြီး ကျန်ငါးယောက်ကတော့ ထွက်ပြေးလွတ်မြောက်သွားပါတယ်။ မူးယစ်စိတ်ကြွဆေးပြား လေးသိန်း၊ နှစ်သောင်းကိုလည်း သိမ်းဆည်းရ မိပါတယ်”
နှစ်ဖက်ပစ်ခတ်မှုအပြီး ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့က နယ်မြေရှင်းလင်းခဲ့ရာမှာ စိတ်ကြွဆေးပြား လေးသိန်း နှစ်သောင်းပါ ကျောပိုးအိတ် ၆ လုံးနဲ့အတူ AK-47 မောင်းပြန်ရိုင်ဖယ် တစ်လက်၊ ၉ မမ ပစ္စတို တစ်လက်ကိုပါ သိမ်းဆည်းရမိခဲ့တယ်လို့လည်း ဆက်ပြောပါတယ်။
မူးယစ်ဆေးဝါးတွေ သယ်ဆောင်လာသူတွေဟာ မူးဆေးလူမျိုးတွေဖြစ်ပြီး ဘယ်လက်နက်ကိုင်အဖွဲ့က ဆိုတာကိုတော့ အတိအကျ မသိရသေးဘူးလို့ ပြောပါတယ်။