ထိုင်းမှာ အခြေခံလုပ်အားခ တိုးမြှင့်ပေမဲ့ မြန်မာအလုပ်သမားတွေအတွက် မလုံလောက်

RFA Burmese
2024.12.25
ထိုင်းမှာ အခြေခံလုပ်အားခ တိုးမြှင့်ပေမဲ့ မြန်မာအလုပ်သမားတွေအတွက် မလုံလောက် MOU စနစ်နှင့် ထိုင်းနိုင်ငံသို့ တရားဝင် ဝင်ရောက်ခွင့်ရခဲ့သည့် မြန်မာအလုပ်သမားများအား ၂ဝ၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်နေ့က တွေ့ရစဥ်။
Facebook/ WAG မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေးအဖွဲ့

ထိုင်းအစိုးရက ဒီဇင်ဘာ ၂၃ ရက်နေ့မှာ အတည်ပြုလိုက်တဲ့ အလုပ်သမား အခြေခံလုပ်အားခ တိုးမြင့်တဲ့ပမာဏဟာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအတွက် လုံလောက်မှု မရှိဘူးလို့ ထိုင်းနိုင်ငံရောက် မြန်မာတွေက RFA ကို ဒီဇင်ဘာ ၂၅ ရက် ဒီနေ့ ပြောပါတယ်။

လာမဲ့နှစ် ဇန်နဝါရီ ၁ ရက်နေ့ကစပြီး ခရိုင်ဒေသအလိုက် တစ်ရက် အခြေခံလုပ်အားခ ၃၃၇ ဘတ်ကနေ ဘတ် လေးရာအထိ တိုးမြှင့်ပေးဖို့ ထိုင်းအစိုးရက အတည်ပြုလိုက်တာပါ။

ထိုင်းနိုင်ငံအခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးကတော့ အခြေခံလုပ်အားခ တိုးမြင့်မှုဟာ မြန်မာရွှေ့ပြောင်းလုပ်သားတွေအတွက် မလုံလောက်ဘူးလို့ RFA ကို ပြောပါတယ်။

“ကုန်စျေးနှုန်းရယ်၊ ရွှေ့ပြောင်းလုပ်သားတွေ နှစ်စဥ်တိုးနေရတဲ့ စာရွက်စာတမ်း သက်တမ်း တိုးတာတွေရယ်၊ နောက်လူသစ်တွေကျတော့လည်း စာရွက်စာတမ်းအသစ် ပြုလုပ်ရတာတွေနဲ့ နှိုင်းဆရင် နေ့စဥ် အသုံးစရိတ်တွေနဲ့ဆိုရင် အခုတိုးတဲ့လုပ်အားခက ထူးထူးခြားခြား သတင်းကောင်းတော့ မဟုတ်ပါဘူး”

အခြေခံလစာ တိုးမြှင့်တဲ့သတ်မှတ်ချက်ဟာ တရားမဝင် မြန်မာအလုပ်သမားတွေအတွက် အကျုံးဝင်မှာ မဟုတ်ဘူးလို့လည်း သူက ပြောပါတယ်။

ထိုင်းအစိုးရက အတည်ပြုလိုက်တဲ့ သတ်မှတ်ချက်အရ အလုပ်သမားတွေအနေနဲ့ တစ်ရက် အခြေခံလုပ်အားခကို ခရိုင်အလိုက် ၇ ဘတ်က ၅၅ ဘတ်အထိ တိုးမြှင့်ရရှိမှာဖြစ်ပါတယ်။

လက်ရှိအလုပ်သမားတွေအနေနဲ့ တစ်ရက်အခြေခံလုပ်အားခ အနိမ့်ဆုံး ၃၂၈ ဘတ်က ၃၆၈ ဘတ် ရရှိနေတာပါ။

ထိုင်းအလုပ်သမားသမဂ္ဂ အဖွဲ့အစည်း၊ လူအခွင့်အရေး အဖွဲ့အစည်းတွေနဲ့ ရွှေ့ပြောင်းအလုပ်သမား အဖွဲ့အစည်းတွေကတော့ တစ်ရက်အခြေခံလုပ်အားခကို အနည်းဆုံး ဘတ် ၅၅၀ ကနေ အမြင့်ဆုံး ဘတ် ခုနစ်ရာထိ တိုးမြှင့်ပေးဖို့ ထိုင်းအစိုးရကို တောင်းဆိုထားကြတယ်လို့ ထိုင်းရောက် မြန်မာနိုင်ငံသားများအရေး ကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Maung mg
2024-12-27 01:39

ထောက်ခံအားပေးပါတယ်ကုန်ဈေးနုံးမြင့်တက်နေတဲ့အချိန်မှာအခြေခံလစာက မိန်းခလေးတယောက်ကိုမှ=320+ယောက်ျားတယောက်ကို=350=ဘဲရပါတယ်ဘယ်လိုက်မှီနိုင်မာလဲတာဝန်ရှိလူကြီးမင်းများအခြေခံလစာကိုသတ်မှတ်ပေးစေလိုပါသည်။