ထိုင်းမှာ တရားမဝင် အလုပ်သမားတွေကို ဖမ်းဆီးမှု ယာယီရပ်ဆိုင်း


2017.06.30
myanmar-workers-thai-622.jpg ထိုင်းကနေ မြန်မာနိုင်ငံကို ပြန်လာတဲ့သူတွေကို မြဝတီ ကိုးသုံးလုံးဂိတ်မှာ ၂၀၁၇ ဇွန်လ ၂၉ ရက်နေ့က တွေ့ရစဉ်
Photo: Ye Min - AAC Facebook

ဇွန်လ ၂ဝ ရက်နေ့က ထိုင်းအစိုးရက ထုတ်ပြန်လိုက်တဲ့ ဥပဒေအရ တရားမဝင်အလုပ်သမားတွေကို ဖမ်းဆီးနေ တာတွေကို ယာယီရပ်ဆိုင်းထားလိုက်ပြီး တရားမဝင်အလုပ်လုပ်နေကြတဲ့ အလုပ်သမားတွေအနေနဲ့ တရား ဝင်ဖြစ်အောင် လျှောက်ထားကြဖို့ အချိန်ပေးထားကြောင်း ထိုင်းအစိုးရက မနေ့က ကြေညာလိုက်ပါတယ်။

ဇွန်လ ၂ဝ ရက်နေ့က ထုတ်ပြန်တဲ့ ဥပဒေအရ တရားမဝင် အလုပ်သမားတွေကို ဖမ်းဆီးနေတာကိုပါ ရပ်ဆိုင်းထားတယ်လို့ မြန်မာရွှေ့ပြောင်းလုပ်သားတွေကို ကူညီပေးနေတဲ့ ထိုင်းနိုင်ငံအခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း ဒါရိုက်တာ ဦးထူးချစ် က ပြောပါတယ်။

"အဓိကကတော့ အလုပ်ရှင်မတူတဲ့ အလုပ်သမားတွေကလည်း အလုပ်ရှင်အချိန်မီပြောင်းလို့ရအောင်၊ အဓိကတော့ သူတို့လက်ရှိ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ဖမ်းနေတဲ့အဖမ်းဆီးတွေကို ခဏရပ်မယ်ဆို တာတော့ ပါတာပေါ့။ ရက်ကတော့ ဘယ်နေ့နောက်ဆုံးဆိုတာတော့ မတွေ့ရဘူး။ အနည်းဆုံးကတော့ တလလောက်ကတော့ ကျနော်တို့ ဒီလက်မှတ်တွေ၊ စာရွက်စာတန်းတွေလုပ်ဖို့ အချိန်ပေးမယ့်သဘော ရှိတယ်။ ရပ်ဆိုင်းတယ်ဆိုတဲ့ သဘောပဲ ကြေညာတာပါ။ အတိအကျကြီး ဘယ်နေ့ ဘယ်ရက်အထိ ဖမ်းမယ် ဆီးမယ်ဆိုတာတော့ မပါသေးဘူးခင်ဗျ။"

ထိုင်းနိုင်ငံ ဝန်ကြီးချုပ်က ဥပဒေသစ်ကို ခေတ္တရပ်ဆိုင်းတယ်ဆိုပြီး အလုပ်သမားဝန်ကြီးဌာနက မနေ့က ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

တရားဝင်လက်မှတ်ကိုင်ဆောင်ထားတဲ့ အလုပ်သမားတွေထဲမှာ လက်မှတ်ထဲမှာပါတဲ့ အလုပ်ရှင်နဲ့ လက်ရှိ အလုပ်ရှင် မတူရင် ပြန်ပြောင်းဖို့ ၊ ယာယီနိုင်ငံကူးလက်မှတ်ကိုင်ထားတဲ့ အလုပ်သမားတွေ၊ MOU နိုင်ငံကူး လက်မှတ်ကိုင်ဆောင်ထားသူတွေကလည်း အလုပ်လုပ်ခွင့်ပါမစ်လုပ်ကြဖို့ ထိုင်းအစိုးရက တိုက်တွန်းထားပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ဖမ်းဆီးမှုတွေ များလာတာကြောင့် တရားမဝင် အလုပ်လုပ်နေကြတဲ့ ထောင်နဲ့ချီတဲ့ မြန်မာ အလုပ်သမားတွေဟာ မြဝတီ မဲဆောက်နယ်စပ်ဘက်ကနေ ပြန်လာတာများသလို တခြားနယ်စပ်ဂိတ်တွေ ကနေလည်း ပြန်လာနေကြပါတယ်။

ထိုင်းအစိုးရက တရားမဝင်အလုပ်သမားတွေနဲ့ ပတ်သက်တဲ့ ဥပဒေသစ်ကို ဇွန်လ ၂၀ ရက်နေ့က ပြဌာန်းခဲ့ပါတယ်။ အဲဒီ ဥပဒေအရ ဖမ်းဆီးခံရရင် တရားမဝင် အလုပ်သမားတွေအနေနဲ့ ထိုင်းဘတ်ငွေ ၂ ထောင်ကနေ ၄ သိန်းအထိ ဒဏ်ရိုက်ခံရနိုင်တာဖြစ်ပြီး ထောင်ဒဏ်အနေနဲ့လည်း ၅ နှစ်အထိ ချမှတ်ခံရနိုင်ပါတယ်။

အဲဒီဥပဒေ ပြဌာန်းပြီးနောက်ပိုင်းမှာ ထောင်နဲ့ချီတဲ့ မြန်မာအလုပ်သမားတွေ အဖမ်းခံထားရပြီး အတော်များများဟာ လည်း တောတွေထဲမှာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ မြန်မာရွှေ့ပြောင်းလုပ်သားတွေကို ကူညီပေးနေတဲ့ အဖွဲ့တွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။