လက်နက်ကြီးပစ်ခတ်လို့ သထုံဒေသခံလေးရာနီးပါး ထွက်ပြေးနေရ
2024.01.13

ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်နယ်မြေ သထုံမြို့နယ်အတွင်း စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်နေလို့ နေအိမ်တွေထိခိုက်ပျက်စီးနေသလို ဒေသခံလေးရာနီးပါး ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ KNU က ဇန်နဝါရီ ၁၃ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
ဇန်နဝါရီလ (၁၀)ရက်နေ့ တစ်ရက်လုံး စစ်ကောင်စီတပ် အမှတ် (၄၀၂) အမြှောက်တပ်ရင်းက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ ဆူးအင်းကျေးရွာနဲ့ ကော့လှိုင်းရွာလေးကုန်းထဲက နေအိမ်တချို့လည်း လက်နက်ကြီးထိမှန်ခဲ့တယ်လို့ ဆိုပါတယ်။
သထုံမြို့နယ် ကျုံမိန်နဲ့ ကော့လှိုင်းရွာလေးကုန်းကျေးရွာက လူဦးရေ စုစုပေါင်း (၃၈၂)ဦး ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ ပြောပါတယ်။
ဒါ့အပြင် KNU ထိန်းချုပ်နယ်မြေအတွင်းက လယ်ဒိုမြို့နယ် စစ်တောင်းမြစ်အနောက်ဘက်ခြမ်းက ဘုရားငုတ်တို၊ တောင်ခင်၊ ကြိတ်ကွင်း၊ အလှိုင် ကျေးရွာတွေက ဒေသခံတွေဟာ စစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ကန့်ကွက်ကြောင်း ဇန်နဝါရီလ ၁၂ ရက်နေ့မှာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
ဇန်နဝါရီလ (၁၃) ရက်နေ့၊ မနက် ၁၀ နာရီမှာ စစ်ကောင်စီဟာ ကျောက်တံခါးမြို့နယ်အတွင်းက ကျေးရွာလူကြီးတွေကို ခေါ်ယူတွေ့ဆုံပြီး ရွာတစ်ရွာက လူဦးရေ နှစ်ဆယ်ခန့် ပြည်သူ့စစ်ထဲ ဝင်ရမယ်ဆိုပြီး ခြိမ်းခြောက်ပြောဆိုခဲ့တယ်လို့ KNU က ထုတ်ပြန်ပါတယ်။
ဒါ့အပြင် လုပ်ငန်းရှင်တွေကိုလည်း တစ်ဦးကို ငွေတစ်သိန်းပေးရမယ်ဆိုပြီး တောင်းဆိုခဲ့တယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒီစွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး RFA က သီးခြားအတည်မပြုနိုင်သေးပါဘူး။
စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။