ထီးချိုင့်မှာ အမျိုးသမီးနှစ်ဦး ပစ်သတ်ခံရ

RFA Burmese
2023.10.24
ထီးချိုင့်မှာ အမျိုးသမီးနှစ်ဦး ပစ်သတ်ခံရ စစ်ကိုင်းတိုင်း ထီးချိုင့်မြို့စွန်တစ်နေရာကို ၂၀၁၆ ခုနှစ် ဇွန်လအတွင်းက တွေ့ရစဉ်။
ထီးချိုင့်သား ရွှေထီးမြေ

စစ်ကိုင်းတိုင်း ထီးချိုင့်မြို့မှာ အောက်တိုဘာ ၁၉ ရက် ည ၈ နာရီခန့်က အမျိုးသမီးနှစ်ဦးကို စစ်ကောင်စီ တပ်သားတွေက ပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီနေ့က ဈေးဆိုင်သိမ်းပြီး ပြန်လာတဲ့ အသက် ၂၃ နှစ်အရွယ် ရွှေရတီကုန်စုံဆိုင်ပိုင်ရှင် မယူတီနှင့် ဆိုင်အကူ အသက် ၁၈ နှစ်အရွယ် အမျိုးသမီးငယ်တို့ ပစ်သတ်ခံလိုက်ရတာလို့ ပြောပါတယ်။

သူတို့နှစ်ဦးဟာ ထီးချိုင့်မြို့ပြင်မှာ ဖွင့်ထားတဲ့ ကုန်စုံဆိုင်ကိုသိမ်းပြီး အမှတ် ၁ စံပြရပ်ကွက်က နေအိမ်ကို ဆိုင်ကယ်နဲ့အပြန် လမ်းမှာ တိုက်ပွဲဖြစ်ပြီး ပြန်ဆုတ်လာတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ တည့်တည့်တိုးချိန် ပစ်သတ်ခံလိုက်ရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ထီးချိုင့်မြို့ခံတစ်ဦးက ပြောပါတယ်။

“ကလေးမလေးတွေက ဆိုင်ကယ်နဲ့ နှစ်ယောက်တစ်စီး မောင်းပြီး ပြန်ကြတာ။ ရပ်၊ ရပ်လို့ စစ်သားတွေက အော်ပြောတာကို ကြောက်အား လန့်အားနဲ့ မောင်းပြေးတာတော့ နောက်ကနေ ပစ်လိုက်ကြတာ။ ဆိုင်ရှင်ရဲ့ သမီးက နေရာမှာပဲ ပွဲချင်းပြီး သေတယ်။ တစ်ယောက်က ဒဏ်ရာရလို့ ဆေးရုံပို့တဲ့အချိန် လမ်းမှာ ဆုံးသွားတာ။ သေသွားတဲ့ ကောင်မလေးက လည်ပင်းတည့်တည့်မှန်တယ်။ ဒဏ်ရာရလို့ ဆေးရုံပို့တဲ့ ကလေးမလေးကလည်း သေနတ်ဒဏ်ရာ ခြောက်ချက်လောက် ရှိတယ်။ ဖြစ်တာက မြို့ထဲက စည်ပင်ရုံးရှေ့မှာ ဖြစ်တာ”

အဲဒီနေ့က စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ လောက်ဟာ ထီးချိုင့်မြို့နဲ့ တစ်မိုင်ခန့်ဝေးတဲ့ မြို့အဝင်ဆိုင်းဘုတ်အနီးကို ဆိုင်ကယ် ကိုးစီးနဲ့ ထွက်လာချိန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက လမ်းကနေ ချုံခိုတိုက်ခိုက်ခဲ့ တာကြောင့် အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဒီနေရာကနေ ပြန်ဆုတ်လာတဲ့ စစ်သားတွေဟာ လမ်းတစ်ဝက်မှာ ဈေးဆိုင်သိမ်းပြီး အိမ်ပြန်လာတဲ့ မိန်းကလေးနှစ်ဦးကို တွေ့ရှိချိန် ဆိုင်ကယ်ရပ်မပေးတာကြောင့် ပစ်သတ်ခဲ့တာလို့လည်း သူတို့က ဆိုပါတယ်။

လက်ရှိ ထီးချိုင့်မြို့နယ်မှာ စစ်ရေးတင်းမာနေပြီး စစ်ကောင်စီတပ်က မြို့ပေါ်မှာ တပ်အင်အား တိုးချထားသလို ထီးချိုင့် မင်းဝံတောင်တန်းအနီးက တုန်နယ်-ချောင်းတောင်ဘက်မှာလည်း စစ်သားအင်အား ၇၀ ဝန်းကျင်နဲ့ စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော် ကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၃ ရက် ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံ တစ်ဝန်းမှာ သေဆုံးသူ ၄၁၅၄ ဦး ရှိနေပါပြီ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။