မိုးဗြဲတိုက်ပွဲကြောင့် ဒေသခံ တစ်သောင်းခန့် ပိတ်မိနေ
ရှမ်းပြည်နယ်တောင်ပိုင်း ကယားပြည်နယ်အစပ်မှာရှိတဲ့ မိုးဗြဲမြို့ပေါ်မှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်ပေါင်းစုတွေအကြား ဖေဖော်ဝါရီလ ၁၇ ရက် ဒီနေ့ မွန်းလွဲ ၁ နာရီခွဲအထိ တိုက်ပွဲပြင်းထန်နေတာကြောင့် မြို့ပေါ်ဒေသခံ တစ်သောင်းနီးပါး ပိတ်မိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖေဖော်ဝါရီလ ၁၅ ရက်နေ့က မိုးဗြဲမြို့ကို တင့်ကားတွေ အပါအဝင် စစ်ကောင်စီတပ်သား ၂၀၀ ခန့်ရောက်ရှိလာပြီး နေရာယူထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာအပြင် နေအိမ်တွေကို ဝင်ရောက်ရှာဖွေ တာတွေကြောင့် ဖေဖော်ဝါရီလ ၁၆ ရက် မနေ့ကစပြီး ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ် ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ ကာကွယ်ရေးအဖွဲ့တွေက RFA ကို ပြောပါတယ်။
နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေတာကြောင့် မိုးဗြဲမြို့ပေါ်က ပြည်သူတွေ ပိတ်မိနေတာလို့ ဒီနေ့မနက်ပိုင်း မြို့ပေါ်ကနေ အရဲစွန့်ထွက်ပြေးလာတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ကျမတို့ ဝန်းကျင်ကတော့ မထွက်ရဲကြဘူး။ ဗုံးခိုကျင်းရှိတဲ့လူက ဗုံးခိုကျင်းထဲမှာ နေနေကြတယ်။ ကျမတို့လည်း အဲလိုပဲ လုံခြုံတဲ့နေရာမှာနေပြီးတော့ အသံပဲနားစွင့် နေရတာပေါ့။ ဒီမနက်ကတော့ အတော်ကြမ်းတယ်။ ကျမတို့ အိမ်ရှေ့မှာထိ သူတို့ အော်ပြောပြီးတော့ ပစ်ခတ်နေတာတွေ ကြားရတယ်။ မထွက်ဘဲ နေရတာပဲ။ ပြီးတော့မှ အသံတိတ်သွားပြီ နည်းနည်းငြိမ်နေတယ်။ ဆိုင်ကယ်သံ တစ်ချက်နှစ်ချက် ကြားရတယ် ဆိုတဲ့ အချိန်ကျမှ အရဲစွန့်ပြီးတော့ ထွက်လိုက်တာ။ လောလောဆယ်တော့ ဘေးပတ် ဝန်းကျင်လည်း ကျမတို့နဲ့ အတူတူပဲလို့ ထင်တာပဲ။ အဲလိုမျိုး ကြောက်ပြီးတော့ အထဲမှာ ပဲနေနေမှာပဲ။ ပိတ်မိနေမယ်လို့ပဲ ထင်တယ်။ အကုန်လုံးလည်း သိပ်မထွက်ကြသေးဘူး။ ထွက်တာလည်း မတွေ့ရသေးဘူး”
ဖေဖော်ဝါရီလ ၁၆ ရက် မနေ့ နေ့လယ်ပိုင်းကတည်းကစပြီး မိုးဗြဲမြို့ ညောင်ဝိုင်းရပ်ကွက် မှာရှိတဲ့ စစ်ကောင်စီ တပ်စခန်းကို ကရင်နီတပ်မတော် (KA)၊ ကရင်နီအမျိုးသားကာကွယ် ရေးအဖွဲ့ (KNDF)၊ မိုးဗြဲ၊ ဖယ်ခုံနဲ့ ဒီးမော့ဆိုမြို့ PDF အပါအဝင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
မနေ့ကတိုက်ပွဲမှာတော့ စစ်ကောင်စီဘက်က အနည်းဆုံး ခုနစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသ ကာကွယ်ရေး အဖွဲ့တွေကပြောပေမယ့် RFA အနေနဲ့ ထိခိုက်သေဆုံးမှု အခြေအနေကို သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီရဲ့ ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကို မေးမြန်းအတည်ပြုနိုင်ဖို့ RFA က ဆက်သွယ်နေဆဲဖြစ်ပါတယ်။
ဖေဖော်ဝါရီ ၁၇ ဒီနေ့ မနက် ၆ နာရီဝန်းကျင်မှာလည်း နှစ်ဖက်ထပ်မံတိုက်ပွားခဲ့ပြီး ညနေပိုင်းအထိ မြေမြင်မှာ တင်းမာမှုတွေ ရှိသေးတယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MB-PDF ) ပြောခွင့်ရသူတစ်ဦးက ပြောပါတယ်။
“နေရာတော်တော်များများ နေရာယူတယ်။ ကင်းပုန်းတွေချတယ်။ အဲဒီနောက် မနေ့က ဖေဖော်ဝါရီ ၁၆ ရက်နေ့မှာ မနက်ပိုင်းကနေစပြီး ထိတွေ့တိုက်ပွဲတွေ ဖြစ်တယ်။ ထိုးစစ် ဆင်လာတာတွေရယ်၊ သူတို့ကင်းပုန်းတွေ ဝင်ပစ်တာတွေရယ်၊ အဲဒါတွေကြောင့် မနေ့ က ထိတွေ့တိုက်ပွဲက ၄ နာရီအထိ ဖြစ်တယ်။ ညဘက်မှာလည်း စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ရမ်းပစ်တာတွေရှိတယ်။ ဒီမနက် ၆ နာရီနောက်ပိုင်းမှာဆိုရင် တိုက်ပွဲအပြင်းအထန် ပြန်ဖြစ်တယ်။ အခုလက်ရှိ အခြေအနေဆိုရင် စစ်ကောင်စီဘက် က တင့်ကားတွေပါ သုံးလာတယ်ဗျ။ တင့်ကားတော့ နှစ်စီး သုံးနေတယ်လို့ သိရတယ်။ အခုကတော့ မြေပြင်မှာတင်းမာမှုတွေ ဖြစ်နေတယ်”
အလားတူ မိုးဗြဲမြို့နဲ့ ၁၀ မိုင်လောက်သာဝေးတဲ့ ကယားပြည်နယ် လွိုင်ကော်မြို့ပေါ်မှာ လည်း မနေ့ညပိုင်းကစပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ လွိုင်ကော်မြို့ပေါ်မှာ ပြန်လည် နေထိုင်တဲ့ ဒေသခံတွေက ပြောပါတယ်။
ဒီနေ့ မိုးဗြဲမြို့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လက်နက်ကြီးတွေအပြင် တင့်ကားတွေပါ အသုံးပြုပြီး ထိုးစစ်ဆင် တိုက်ခိုက်နေတာကြောင့် ဒေသခံ အမျိုးသမီး တစ်ဦး ခြေထောက်မှာ လက်နက်ကြီးကျည် ထိမှန်ပြီး အပြင်းအထန် ဒဏ်ရာရခဲ့တယ်လို့ မိုးဗြဲလူမှုကူညီရေးအဖွဲ့ (Mobye Rescue Team) အဖွဲ့ဝင်က ပြောပါတယ်။
“ဘယ်လိုထိသွားလဲဆိုတော့ စစ်ကောင်စီက တင့်ကားနဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် ထိသွားတာပါ။ သူ့အခြေအနေက နည်းနည်းစိုးရိမ်ရတယ်။ ၁၁ ခွဲကျော်လောက်မှာ ဖြစ်သွားတယ်”
လက်နက်ကြီးကျည် ထိမှန်ခဲ့သူဟာ မိုးဗြဲမြို့၊ စည်ကား (၁) ရပ်ကွက်မှာနေထိုင်တဲ့ အသက် ၃၀ ဝန်းကျင် အမျိုးသမီးဖြစ်တယ်လို့ မိုးဗြဲလူမှုကူညီရေးအဖွဲ့က ပြောပါတယ်။
ဒါ့အပြင် မိုးဗြဲမြို့အထွက်မှာ တောင်ယာသွားရောက်လုပ်ကိုင်နေတဲ့ ဒေသခံ ၁၀ ဦးကို စစ်ကောင်စီ တပ်သားတွေက ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့လည်း ကရင်နီအမျိုးသား ကာကွယ်ရေးအဖွဲ့ (KNDF) ဖယ်ခုံ အဖွဲ့က ဒီနေ့မှာပဲ သတင်းထုတ်ပြန်ထားပါတယ်။
"လူထုကတော့ အဓိက သူတို့ ရည်ရွယ်ချက်ကတော့ စစ်ကောင်စီ စစ်အာဏာရှင်တွေ ပြုတ်ကျဖို့ပဲ"
စစ်တပ်က အာဏာသိမ်းပြီနောက်ပိုင်း မိုးဗြဲမြို့မှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေး အဖွဲ့တွေ ပြီးခဲ့တဲ့နှစ် ဇွန်လ၊ အောက်တိုဘာလမှာ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့သလို နိုဝင်ဘာ ၁၇ ရက်က မိုးဗြဲအခြေစိုက် ခမရ - ၄၂၂ တပ်ရင်းအနီး စစ်ကောင်စီတပ်နဲ့ မိုးဗြဲ (MB-PDF)၊ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့တာကြောင့် ဒေသခံ ၄၀၀၀ ခန့် ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။
အဲဒီနောက်ပိုင်း ဒေသခံ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ကယန်းပြည်သစ်ပါတီက စစ်ကောင်စီနဲ့ စေ့စပ်ညှိနှိုင်းခဲ့တာကြောင့် တိုက်ပွဲတွေ ရပ်နားသွားကြပေမယ့် ဒီတစ်ကြိမ် တိုက်ပွဲ အပြင်းအထန်ပြန်ဖြစ်တာလို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
ကယန်းပြည်သစ် နယ်မြေဖြစ်တာကြောင့် သူတို့ပဲ ဆုံးဖြတ်မယ်လို့ပြောထားပေမယ့် ပြည်သူ့ကာကွယ်ရေး အဖွဲ့တွေကတော့ စစ်ကောင်စီကို ဆက်လက်တိုက်ခိုက်မှာပဲလို့ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP) ရဲ့ အတွင်းရေးမှူး (၁) ခူဒယ်နီယာယ်က RFA ကို ပြောပါတယ်။
“လူထုတစ်ရပ်လုံးက တိုက်တဲ့အချိန်မှာ ဒီမိုးဗြဲ၊ ဖယ်ခုံကတော့ သူတို့ တော်တော်အင် အားကောင်းတဲ့ လူထုတိုက်ပွဲ ဝင်ကြတာပေါ့။ အဲဒီခွင်က ကယန်းပြည်သစ်ခွင်လို့ ပြောလို့ရတယ်။ ကယန်းဒေသ သူတို့ သတ်မှတ်ထားတယ်လေ။ အဲတော့ ဒီလူထုတွေ တအားနစ်နာနေပြီ၊ ကယန်းပြည်သစ်ကနေ သူတို့ကို ပြောပြီးမှ ခဏရပ်ခိုင်းလိုက်တယ်။ သူတို့ အမိန့်စာတစ်ခု ထွက်ပါသေးတယ်။ အဲဒီမှာ စစ်ရေးနဲ့ နိုင်ငံရေးနဲ့ ပတ်သက်ရင် ငါတို့ ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်။ ငါတို့ရဲ့ ဆုံးဖြတ်ချက်ကို လိုက်နာရမယ် ဆိုပြီးတော့မှ သူတို့ စာထုတ်ထားတော့ ခဏလေးရပ်သွားတယ်။ အခုက တစ်ခေါက်ပြန်ဖြစ်တယ် ဆိုတာကတော့ လူထုကတော့ အဓိက သူတို့ ရည်ရွယ်ချက်ကတော့ စစ်ကောင်စီ စစ်အာဏာရှင်တွေ ပြုတ်ကျဖို့ပဲ။ အနိုင်တိုက်ဖို့ပဲ။ သူ့ကို တားတဲ့လူတွေက သိပ်လက် မခံဘူးပေါ့လေ။ ဒီတော့ တိုက်ပွဲပြန်ဖြစ်တယ်”

ကယန်းပြည်သစ်ဟာအဖွဲ့ဟာ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ဖို့အတွက်ဆိုတဲ့ အကြောင်းပြချက်နဲ့ ၁၉၉၄ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့မှာကတည်းက အပစ်ခတ်ရပ်စဲရေး လုပ်ခဲ့တဲ့အဖွဲ့ ဖြစ်ပါတယ်။
ဒီနေ့အထိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံပြည်သူတွေ နီးစပ်ရာဘုန်းကြီးကျောင်း တွေမှာ ထွက်ပြေးခိုလှုံနေကြရသလို အိမ်ထဲမှာ ဆက်လက်ပုန်းနေကြရတဲ့သူတွေလည်း ထွက်မရဘဲ ပိတ်မိနေကြတာပါ။
မိုးဗြဲ PDF တပ်ဖွဲ့ကတော့ မိမိလုံခြုံရေးကို ဦးစားပေးအဆင့်မှာထားပြီး ရွှေ့ပြောင်းနေထိုင် ကြဖို့ ဒေသခံတွေကို တိုက်တွန်းထားပါတယ်။
မိုးဗြဲမြို့ပေါ် ဒေသခံတွေကတော့ အခုတစ်ကြိမ် ထပ်မံတိုက်ပွဲပြင်းထန်နေတာကြောင့် နောက်ထပ်တစ်ကြိမ် ထွက်ပြေးနေရပြီး လက်ရှိအချိန်အထိ စစ်ဘေးဒုက္ခသည် တစ် သောင်းဝန်းကျင် ရှိနေသလို မြို့ထဲမှာ ပိတ်မိနေသူကလည်း တစ်သောင်းနီးပါးရှိနေပြီလို့ ကူညီပေးနေသူတွေက ပြောကြပါတယ်။