လက်ရှိဆန္ဒပြပွဲများအပေါ် ၁၀ ပါတီ သဘောထား ထုတ်ပြန်


2015.02.09
cso-students-boycott-whitecard-press-305.jpg ကျောင်းသားသပိတ်နဲ့ ဝှိုက်ကဒ်ကိုင်ဆောင်သူတွေကို မဲပေးခွင့်ပေးတဲ့အပေါ် နိုင်ငံရေးပါတီ ၁၀ ပါတီ က ဖေဖော်ဝါရီလ ၉ ရက်နေ့က ရန်ကုန်မြို့ စီးတီးစတား ဟိုတယ်မှာ သတင်းစာရှင်းလင်းစဉ်
Photo: RFA

ပြည်လုံးကျွတ်ဆန္ဒခံယူပွဲမှာ ယာယီသက်သေခံ လက်မှတ် ကိုင်ဆောင်သူတွေကို မဲပေးခွင့်ပြု လိုက်တဲ့အတွက် ဆန္ဒပြဖို့ စီစဉ်နေတာတွေ ဟာ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲဥပဒေကို ပြောင်းလဲလို့ ရနိုင်မှာမဟုတ်ဘူးလို့  နိုင်ငံရေးပါတီ ၁၀  ပါတီ က ခေါင်းဆောင်တွေက ပြောကြားလိုက်ပါတယ်။

ရန်ကုန်မြို့ စီးတီးစတားဟိုတယ်မှာ ဒီနေ့ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ လက်ရှိမြန်မာနိုင်ငံ မှာ ဖြစ်ပေါ်နေတဲ့ ကျောင်းသားသပိတ်နဲ့ ယာယီ သက်သေခံလက်မှတ် ကိုင်ဆောင်သူတွေကို မဲပေးခွင့်ပြုလိုက်တဲ့အပေါ် ဆန္ဒပြဖို့ စီစဉ်နေတာတွေနဲ့ ပတ်သက်ပြီး နိုင်ငံရေးပါတီ ၁၀ ပါတီက သတင်းစာ ရှင်းလင်းရာမှာ မြန်မာအမျိုးသား ကွန်ဂရက်ပါတီ ဥက္ကဌ ဦးကောင်းမြင့်ထွဋ်က ပြောခဲ့တာ ဖြစ်ပါတယ်။

"ဝှိုက်ကဒ်ကိစ္စနဲ့ ပတ်သက်လို့ ၇ ရက်ပဲဆန္ဒပြပြ၊ ရက် ၇ဝ ပဲ ဆန္ဒပြပြ၊ လူဦးရေ တစ်သိန်းပဲပြပြ၊ နှစ်သိန်းပဲပြပြ၊ အဲဒီ့ဆန္ဒပြတဲ့နည်းလမ်းဟာ ဥပဒေကိုပြောင်းလဲလို့ မရပါဘူး၊ ဝှိုက်ကဒ်ကို မလိုချင်ဘူးဆိုရင် လူထုဆန္ဒခံယူပွဲမှာ ပြည်သူလူထု ၅ဝ ရာခိုင်နှုန်းအထက် ပါဝင်တဲ့ ဆန္ဒသဘောထားတွေကို ထုတ်ဖော်လို့ရပါတယ်၊ အဲဒီ့နည်းလမ်းအားဖြင့်သာ ဝှိုက်ကဒ်ပြဿနာကို ပြေ လည်အောင် ဖြေရှင်းလို့ရတယ်၊ ဥပဒေပိုင်းဆိုင်ရာ procedure လေးကို နားလည်သွားရင် အလဟဿ အင်အားဆုံးရှုံးမှု မဖြစ်နိုင်ဘူးလို့ ကျနော့်အနေနဲ့ တင်ပြချင်ပါတယ်"

ဒါ့အပြင် အမျိုးသားပညာရေးဥပဒေကို ကျောင်းသား ကျောင်းသူတွေ သပိတ်မှောက်ကြတာဟာ အစိုးရကို အကြပ်ကိုင်ရာရောက်တယ်လို့လည်း သူက ပြောပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ပြည်လုံးကျွတ် ဆန္ဒသဘောထားခံယူတဲ့ ဥပဒေကြမ်းမှာ ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်သူတွေကို မဲပေးခွင့်ပြုဖို့ အခုလ ၂ ရက်နေ့က ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုခဲ့ပါတယ်။

အဲဒီ သတင်းစာရှင်းလင်းပွဲကို ကရင်ပြည်သူ့ပါတီ၊ ချင်းတိုးတက်ရေးပါတီ၊ ဗမာပြည်သူ့ပါတီ၊ မြန်မာ အမျိုးသားကွန်ဂရက်ပါတီ၊ မြို ခေါ် ခမီ အမျိုးသားတိုးတက်ရေးပါတီ၊ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေး အဖွဲ့ချုပ်၊ ရခိုင်ပြည်နယ် အမျိုးသားအင်အားစုပါတီ၊ ၈၈ မျိုးဆက်ကျောင်းသား လူငယ်များ၊ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးပါတီ၊ အမျိုးသားနိုင်ငံရေး မဟာမိတ်အဖွဲ့ချုပ် စတဲ့ ၁၀ ပါတီက ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။