ဆက်သွယ်ရေး လေလံအောင် ထားတဲ့ ကုမ္ပဏီနှစ်ခုကို လိုင်စင်ထုတ်ပေး
2014.01.30

မြန်မာနိုင်ငံမှာ ဆက်သွယ်ရေးလုပ်ငန်း လုပ်ခွင့် လေလံအောင်မြင်ထားတဲ့ နော်ဝေနိုင်ငံက တယ်လီနောကုမ္ပဏီနဲ့ ကာတာနိုင်ငံက အူရီဒူးကုမ္ပဏီ တို့ကို သက်ဆိုင်ရာက ဒီနေ့လိုင်စင်ထုတ်ပေးတော့ မယ်လို့ သိရပါတယ်။
အူရီဒူးကုမ္ပဏီအတွက်လိုင်စင်ကို ဒီနေ့ကြာသပတေးနေ့မှာ နေပြည်တော်မှာ ထုတ်ပေးမှာဖြစ်တယ်လို့ မြန်မာအစိုးရ အကြီးတန်းအရာရှိတစ်ဦးက ပြောဆိုကြောင်းနဲ့ တယ်လီနော ကုမ္ပဏီအတွက်လိုင်စင် ကိုတော့ ဖေဖေါ်ဝါရီလ ၃ ရက်နေ့မှာ ထုတ်ပေးမှာဖြစ်တယ်လို့ နောက်ထပ် အရာရှိကြီးတစ်ဦးက ပြောဆိုကြောင်း ရိုက်တာသတင်းတပုဒ်မှာ ဖေါ်ပြထားပါတယ်။
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်ကတော့ ဒီနေ့ဇန်နဝါရီလ ၃၀ ရက်နေ့ မနက် ၉ နာရီခွဲမှာ နေပြည်တော်က ဆက်သွယ်ရေးနဲ့ သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနမှာ နိုင်ငံတကာ ကုမ္ပဏီနှစ်ခုကို ဆက်သွယ်ရေးလိုင်စင် ထုတ်ပေးတဲ့ အခမ်းအနားရှိမှာ ဖြစ်တဲ့အတွက် သတင်းယူလိုလျှင် သတင်းစာ၊ ဂျာနယ်တိုက် တစ်တိုက်ကိုတစ်ဦးကျ တက်ရောက်နိုင်တယ်လို့ သူ့ရဲ့ဖေ့ဘွတ် စာမျက်နှာမှာ အသိပေးရေးသားထားပါတယ်။