ဖုန်းဆင်းကတ်နဲ့ ငွေဖြည့်ကတ်ဆိုင် တစ်သိန်းကျော်ဖွင့်လှစ်ဖို့ တယ်လီနော ကြေညာ


2013.11.19

နော်ဝေးနိုင်ငံအခြေစိုက် တယ်လီနော Telenor ဆက်သွယ်ရေး ကုမ္ပဏီအနေနဲ့ လာမယ့် ၅ နှစ်အတွင်း မြန်မာနိုင်ငံရဲ့တယ်လီနော ဆက်သွယ်ရေးလိုင်း မိတဲ့နေရာတိုင်းမှာ တယ်လီနောဖုန်း Sim Card နဲ့ ငွေဖြည့်ကဒ် လက်လီအရောင်းဆိုင်ပေါင်း ၁ သိန်းကျော် ဖွင့်လှစ်သွားမယ်လို့ Telenor ကုမ္ပဏီက ဒီကနေ့ ပြောလိုက်ပါတယ်။

ဒီကနေ့ ရန်ကုန်မြို့ ကုန်သည်ကြီးများ ဟိုတယ်မှာကျင်းပတဲ့ တယ်လီနောကုမ္ပဏီရဲ့ သတင်းမီဒီယာတွေ့ဆုံပွဲမှာ ကုမ္ပဏီရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဈေးကွက်ရေးရာအကြီးအကဲ Mr. Sharad Mehrotra ကခုလို ပြောခဲ့တာပါ။

“တယ်လီနော ကုမ္ပဏီအနေနဲ့ မြန်မာနိုင်ငံ လူဦးရေ ၉၀ ရာခိုင်နှုန်း အသုံးပြုနိုင်မယ့် ဆယ်သွယ်ရေးကွန်ရက်တွေကို ၅ နှစ်အတွင်း အပြီး ချိတ်ဆက်တည်ဆောက်သွားမှာပါ။ တယ်လီနောကုမ္ပဏီရဲ့ ဖုန်းဆက်သွယ်ရေးလိုင်း မိတဲ့နေရာတိုင်းမှာလည်း ဖုန်း Sim Card တွေနဲ့ ဖုန်းငွေဖြည့်ကဒ်တွေ ဝယ်ယူနိုင်ဖို့ အရောင်းဆိုင်တွေကို ဖွင့်လှစ်သွားမှာပါ” လို့ ကုမ္ပဏီရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဈေးကွက်ရေးရာ အကြီးအကဲ Mr. Sharad Mehrotra က ပြောခဲ့တာပါ။

ဒါ့အပြင် ဆက်သွယ်ရေးလုပ်ငန်းတွေ လုပ်ကိုင်ခွင့်လိုင်စင်ရဖို့အတွက် အစိုးရနဲ့နောက်ဆုံးအဆင့် ဆွေးနွေးနေပြီး ၂၀၁၃ ခုနှစ်မကုန်ခင် လုပ်ကိုင်ခွင့်လိုင်စင်ရရှိဖို့ မျှော်လင့်ကြောင်း၊ လိုင်စင်စရတာနဲ့ ၈ လအတွင်း ဆက်သွယ်ရေးကွန်ရက ်ချိတ်ဆက်တာတွေ အပြီးလုပ်ဆောင်သွားမှာဖြစ်တယ်လို့ တယ်လီနောကုမ္ပဏီက ပြောပါတယ်။

ဒီနေ့ မီဒီယာတွေ့ဆုံပွဲမှာ တယ်လီနောကုမ္ပဏီအနေနဲ့ ပူးတွဲလုပ်ကိုင်ဖို့ ဒေသခံစွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းရှင်တွေကို ဖိတ်ခေါ်ခဲ့သလို လက်ရှိခန့်ထားတဲ့ ဝန်ထမ်း ၈၀ ကနေ ဒီနှစ်အတွင်း ဝန်ထမ်း ၁၅၀ အထိ တိုးချဲ့ခန့်သွားမယ်လို့လည်း သိရပါတယ်။

မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေးဆိုင်ရာ ရှေ့လုပ်ငန်းစဉ်တွေမှာ နော်ဝေးနိုင်ငံအခြေစိုက် တယ်လီနောကုမ္ပဏီနဲ့ ကာတာနိုင်ငံအခြေစိုက် အူရီဒူး Ooredoo ကုမ္ပဏီတို့က လုပ်ကိုင်ခွင့်တင်ဒါ အောင်ထားတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။