ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ ညွှန်ကြားချက်နဲ့ ကချင်ပြည်နယ်အတွင်း လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်နဲ့ သုံးဘီးဆိုင် ကယ်တွေကို ကော်မတီဖွဲ့ပြီး စစ်ဆေး ဖို့ ပြည်နယ်အစိုးရအဖွဲ့က ပြင်ဆင်နေပါတယ်။
ပြည်သူတွေ မနစ်နာအောင်နဲ့ အစိုးရလည်း အခွန်ငွေရပြီး ယာဉ်စည်းကမ်းထိန်းသိမ်းရေးကို ကြပ်မတ် နိုင်ဖို့အတွက် အရင်ဆုံး အသိပညာပေးအစီအစဉ်တွေ ပေး သွားမယ်လို့ ကချင်ပြည်နယ် အစိုးရအဖွဲ့ လီဆူတိုင်းရင်းသားရေးရာ ဝန်ကြီး ဦးအားတီယောဟန် က ပြောပါတယ်။
"ပြည်ထောင်စုအစိုးရအဖွဲ့က တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ညွှန်ကြားထားတာရှိပါတယ်၊ ဥပဒေဘောင်မှာလည်း ဝင်သွားအောင် ပြည်သူလူထုသည်လည်း ဝန်ထုပ်ဝန်ပိုးမဖြစ်အောင် ယာဉ်ငယ်တွေကို စစ်ဆေးဖို့ ကျနော်တို့ က ဆောင်ရွက်နေတာရှိပါတယ်၊ ပထမက ပညာပေး ဆိုင်းပုဒ်တွေ ချိတ်ဆွဲပြီးမှ ကြိုတင်သတိပေးချက်တွေနဲ့ ဥပဒေဘောင်အတွင်းမှာ ပြည်သူတွေလိုက်နာနိုင်အောင် ဦးစားပေးပြီး ဆောင်ရွက်ဖို့ အစီအစဉ်ရှိပါတယ်"
မြစ်ကြီးနားမြို့ပေါ်က မော်တော်ဆိုင်ကယ် အရောင်းဆိုင်တွေကို ဥပဒေနဲ့အညီ စစ်ဆေးပြီးမှ လိုင်စင်မဲ့ မော်တော် ဆိုင်ကယ်နဲ့ သုံးဘီးဆိုင်ကယ်တွေကို စိစစ်သွား မှာဖြစ်ပါတယ်။
ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ ညွှန်ကြားချက်ဟာ တစ်နိုင်ငံလုံးအတိုင်းအတာ ဆောင်ရွက်ရမှာဖြစ်ပြီး ပြည်နယ်နဲ့ တိုင်းဒေသကြီးအလိုက် မကြာခင် အကောင် အထည်ဆောင်ရွက်ကြမှာဖြစ်ပါတယ်။
တရုတ်-မြန်မာ နယ်စပ်ဂိတ်တွေကနေ ကချင်ပြည်နယ်ဘက် ဝင်ရောက်လာတဲ့ မော်တော်ဆိုင်ကယ်နဲ့ သုံးဘီးတွေ ကို အခွန်ကောက် လိုင်စင်ပြုလုပ်စေပြီး အားလုံးတစ်ပြေးညီ စိစစ်မယ်ဆိုရင် အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်သွား မှာဖြစ်တယ်လို့ မြစ်ကြီးနားမြို့က ဆိုင်ကယ်ဝယ်ရောင်း လုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။
မြစ်ကြီးနား၊ ဗန်းမော်၊ မိုးညှင်း၊ မိုးကောင်း၊ ဟိုပင်၊ ဖားကန့် စတဲ့ မြို့ရွာတွေမှာ တရုတ်နိုင်ငံက ဝင်ရောက်လာတဲ့ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်တွေကို အများဆုံး အသုံးပြုနေတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဧပြီလကုန်အထိ ကချင်ပြည်နယ် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဋ္ဌာနရဲ့ စာရင်းတွေအရ ပြည်နယ် အတွင်းမှာ လိုင်စင်ပြုလုပ်ထားတဲ့ မော်တော် ယာဉ်ပေါင်းစုံအစီးရေ တစ်သိန်းကျော်ရှိပါတယ်။