တီးတိန်မြို့နယ်ထဲ ဆယ်ရက်ကျော်ကြာ တိုက်ပွဲဖြစ်ပွား

2022.01.23
တီးတိန်မြို့နယ်ထဲ ဆယ်ရက်ကျော်ကြာ တိုက်ပွဲဖြစ်ပွား စစ်ရေးလေ့ကျင့်နေတဲ့ ချင်းဒေသကာကွယ်ရေးအဖွဲ့ CDF တပ်ဖွဲ့ဝင်တွေကို တွေ့ရစဥ်
Photo: CDF-Mara
ချင်းပြည်နယ်တောင်ပိုင်းနဲ့ စစ်ကိုင်းတိုင်း၊ ကလေးမြို့ကို ဆက်သွယ်ထားတဲ့ ကားလမ်း တစ်လျှောက်မှာ စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးတပ် CDF တွေဟာ ဇန်နဝါရီ ၁၃ ရက်နေ့က စလို့ ၁ဝ ရက် ကျော်တဲ့အထိ တိုက်ပွဲတွေ ဆက်တိုက် ဖြစ်နေပါတယ်။
 
ဇန်နဝါရီ ၁၂ ရက်နေ့က ကလေးမြို့ကနေ ချင်းတောင်ဘက်ကို တက်လာတဲ့ စစ်ကောင်စီ တပ်နဲ့ ချင်းဒေသ ကာကွယ်ရေးအဖွဲ့ CDF တွေ ၁၃ ရက်နေ့မှာ တိုက်ပွဲစတင်ဖြစ်တာလို့ CDF – KKG ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
 
“တိုက်ပွဲက ၁၂ ရက်နေ့ကနေ စပြီးတော့ သိုင်းငင်း (Taingen) ကလေးမြို့ဘက်ကနေ ခရီးသွားတွေကို ဓားစားခံလုပ်ပြီး ချင်းပြည်နယ်ကို ချီတက်သွားတဲ့ နောက်ပိုင်း တောက်လျှောက် တိုက်ပွဲဖြစ်ခဲ့တာပေါ့နော်။ ဖြစ်ခဲ့တဲ့ရွာတွေက ထေးဇန် (Theizang)၊ ဟဲန်ဇိန် (Hiangzing) ပေါ့။ မနေ့ညကတော့ သိုင်းငင်း နားလေးမှာ ဖြစ်ခဲ့ပြီးတော့ ကျွန်တော်တို့ မဟာမိတ် တပ်ပေါင်းစုတွေအနေနဲ့ အခြေအနေ အကြောင်းမျိုးမျိုးကြောင့် သိုင်းငင်းရွာကနေ ယာယီတော့ နောက်ဆုတ်ထားရတယ်ခင်ဗျ”
 
ဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်တွေက ကလေးတက္ကသိုလ်နဲ့ ကလေးမြို့ တောင်ဖီ လာ ဂေါက်ကွင်းတို့ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေပြီး ကနေဒီ တောင်ထိပ်မှာဆိုရင် ရဟတ်ယာဉ်နဲ့ စစ်သားတွေ တပ်ကူလာချတာမျိုး ရှိခဲ့တယ်လို့ သူက ပြောပြပါတယ်။
 
ဇန်နဝါရီ ၂၂ ရက် မနေ့က တိုက်ပွဲတွေမှာတော့ စစ်ကောင်စီက လေကြောင်းအသုံးပြု ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိုင်းငင်း (Taingen) ရွာက ဒေသခံတစ်ဦး က ပြောပါတယ်။
 
“မနေ့ကတော့ လေယာဉ်တွေနဲ့ရော လက်နက်ကြီးတွေရော ရွာထဲ လေးနေရာလောက် ထိထားတာ ရှိတယ်။ ဒါပေမဲ့ အိမ်တွေက အပျက်အစီးတော့ မရှိဘူး။ ရွာမှာလည်း အခု စစ်ကောင်စီက တပ်စွဲထားတဲ့အခါကျတော့ ဘယ်သူမှ မနေရဲဘူး။ သတင်းတွေကလည်း လောလောဆယ် ပျံ့နေတယ်။ ဒါပေမဲ့ လောလောဆယ်ကတော့ သေနတ်သံတွေ မကြားရတော့ဘူး”
 
တိုက်ပွဲတွေကြားမှာ ဇန်နဝါရီ ၁၃ ရက်နေ့က ထေးဇန် (Theizang) ရွာ ကော်ဖီခြံက အိမ် သုံးလုံး မီးရှို့ခံခဲ့ရပြီး ၁၄ ရက်နေ့မှာ ဟဲန်ဇိန် (Hiangzing) ရွာ က အသက် ၃ဝ အရွယ် ဒေသခံ ဦးမာန်ဒိုးခုပ်ဟာ စစ်တပ်ရဲ့ သတ်ဖြတ်ခံခဲ့ရတယ်လို့ ဟဲန်ဇိန် (Hiangzing) ရွာသားတစ်ယောက်က ပြောပြပါတယ်။
 
“သူတို့က ကော်ဖီခြံကို ဝင်ဝင်ချင်း မီးရှို့ပြီးတော့မှ ရွာကိုတက်လာတော့ ရွာသားတွေက ကြောက်ကြတာပေါ့။ လူမရှိတဲ့ အိမ်တွေကို မီးရှို့တယ်ဆိုလို့ ကျွန်တော်တို့က အိမ်မှာပဲ နေကြတယ်။ သူတို့က ရောက်ရောက်ချင်း ဟဲန်ဇိန် (Hiangzing) ရွာ က ရွာသား တစ်ယောက်ကို ပစ်သတ်တယ်။ ရွာထဲကရှိတဲ့ လူတွေမှန်သမျှကို စုပြီးတော့မှ ဒီဟာမျိုး နောက်တစ်ခါလုပ်ရင် အကုန်လုံးပြာကျမယ်လို့ သူတို့ ပြောပြီး ထွက်သွားတယ်”
 
မနေ့ကတိုက်ပွဲမှာ စစ်ကောင်စီဘက်က ဇိုမီးတော်လှန်ရေးတပ် (ZRA) က ပါဝင်တိုက် ခိုက်ခဲ့တယ်လို့ CDF အဖွဲ့တွေက စွပ်စွဲထားပေမယ့် ဇိုမီးတော်လှန်ရေး တပ်ဖွဲ့ကတော့ ဒီမနက်မှာပဲ ပြန်လည်ငြင်းဆိုထားပါတယ်။

"သူတို့က ကော်ဖီခြံကို ဝင်ဝင်ချင်း မီးရှို့ပြီးတော့မှ ရွာကိုတက်လာတော့ ရွာသားတွေက ကြောက်ကြတာပေါ့"

၁၀ ရက်ကျော်အတွင်းဖြစ်ခဲ့တဲ့ တိုက်ပွဲတွေအတွင်းမှာ စစ်ကောင်စီဘက်က ၇၅ ယောက် သေဆုံးနိုင်သလို ချင်းတပ်ဖွဲ့တွေဘက်က သုံးယောက်သေဆုံးခဲ့တယ်လို့ CDF က ပြောပါ တယ်။ ဒီသေဆုံးမှုနဲ့ပတ်သက်လို့ RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီရဲ့ ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဒေသတချို့မှာ လေကြောင်းကနေ ပစ်ကူပေးတဲ့အခါမှာ လေယာဉ်ပေါ်က သေနတ်နဲ့ပစ်ခတ်တ ၊ ဒုံးနဲ့တိုက်ခိုက်တာတွေ ရှိခဲ့တယ်လို့ RFA ကို ပြီးခဲ့တဲ့ သီတင်းပတ်က ပြောခဲ့ပါတယ်။
 
ဆယ်ရက်ကျော်ကြာဖြစ်နေတဲ့ အဲဒီတိုက်ပွဲတွေကြောင့် ထေးဇန် (Theizang)၊ ဟဲန်ဇိန် (Hiangzing) သိုင်းငင်း (Taingen) စတဲ့ရွာတွေက ဒေသခံ ငါးထောင်ကျော်လောက်ဟာ ရွာလုံးကျွတ်ထွက်ပြေးနေ ရတယ်လို့လည်း ဒေသခံတွေက ပြောကြပါတယ်။
 
လက်ရှိအချိန်မှာ ကလေးမြို့ကနေ ချင်းတောင်ကို တက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့၊ ဖလမ်းနဲ့ တီးတိန်ကနေ တိုက်ပွဲဖြစ်ရာလမ်းပိုင်းကို တပ်ကူအနေနဲ့ လာနေတဲ့ စစ်ကောင်စီ တပ်ဖွဲ့တွေ ကြောင့် အဲဒီဒေသ တစ်ဝိုက်မှာ တိုက်ပွဲတွေ ဆက်လက် ဖြစ်နိုင်တယ်လို့ CDF တပ်ဖွဲ့တွေက ပြောကြပါတယ်။
 
ချင်းတောင်နဲ့ ကလေးတစ်လျှောက် ၁ဝ ရက်ကျော်အတွင်း တိုက်ပွဲတွေမှာ ချင်းအမျိုးသား တပ်ဦး (CNF)၊ ချင်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (CNDF)၊ CDF Siyin ၊ CDF KKG ၊ PDF Zoland ၊ PDF Kalay ၊ Zomi PDF ၊ Zogam Army ၊ PDA အစရှိတဲ့ အဖွဲ့ပေါင်း ကိုးဖွဲ့က ပါဝင်ပြီး စစ်ကောင်စီရဲ့ စစ်တပ်ကို ခုခံတိုက်ခိုက်နေကြတာ ဖြစ်ပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။