သာသနာညှိုးနွမ်းစေမှုနဲ့ တရားစွဲခံထားရတဲ့ ခရစ်ယာန် ဓမ္မဆရာတော်ကို အာမခံပေး
2019.01.18

စစ်ကိုင်းမြို့ မင်းကွန်းအကယ်ဒမီကျောင်း ဓမ္မစေတီအောင်မြေဘုံကျော်ကျောင်းတိုက်မှာ ဖြစ်ပွားခဲ့တဲ့ ခရစ်ယာန် ဓမ္မဆရာတော်တစ်ပါးက ဗုဒ္ဓဘာသာဝင်တွေကို ခရစ်ယာန်ဘာသာရေး အယူအဆတွေ ဟောပြောခဲ့တာနဲ့ ပတ်သက်ပြီး သာသနာညှိုးနွမ်းစေမှု ပုဒ်မ ၂၉၅ (က) တရားစွဲဆိုထားတာကို စစ်ကိုင်းမြို့နယ် တရားရုံးက အာမခံပေးလိုက်ပါတယ်။
ခရစ်ယာန်ဓမ္မဆရာ ဦးအောင်ထွန်းဦးအနေနဲ့ ဒီလထဲ နှလုံးခွဲစိတ်ကုသဖို့ရှိတဲ့အတွက် အာမခံလျောက်ထားတာကို စစ်ကိုင်းမြို့နယ် တရားရုံးက မနေ့က အာမခံပေးလိုက်တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၈ ရက်နေ့က ဓမ္မစေတီအောင်မြေဘုံကျော်ကျောင်းတိုက်မှာ သာမဏေတွေ၊ သီလရှင်တွေနဲ့ ကျောင်းသူ၊ ကျောင်း သားတွေကို လက်အုပ်ချီစေပြီး ခရစ်ယာန်ဘာသာရေးအရ ဆုတောင်းဟောပြောတာတွေ ပြုလုပ်ခဲ့တဲ့ ဗွီဒီယိုဖိုင် လူမှုကွန်ရက်စာမျက်နှာမှာ ပျံ့နှံ့ခဲ့ပြီးနောက်မှာ ဝေဖန်မှုတွေများခဲ့ပါတယ်။
ဗုဒ္ဓဘာသာဝင်တွေကို ခရစ်ယာန်ဘာသာရေးဟောပြောတာကို မကွေးကျောင်းဆရာတော် ဦးမောက္ခက သာသနာညှိုးနွမ်းစေမှုနဲ့ စစ်ကိုင်းမြို့နယ် တရားရုံးမှာ ဒီဇင်ဘာလ (၁၂) ရက်နေ့က တရားစွဲလိုက်တာဖြစ်ပါတယ်။
အမှုကို လာမယ့် ဇန်နဝါရီလ ၂၈ ရက်နေ့မှာ ထပ်မံစစ်ဆေးဖို့ ချိန်းဆိုလိုက်ပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုကျော်သူ ပေးပို့တာပါ။