ခရစ်ယာန်တရားဟောဆရာကို တရားစွဲဆိုပေးဖို့ လျှောက်ထားမှု တရားရုံး လက်ခံ


2018.12.12
parmaukha-622.jpg မကွေးကျောင်း ဆရာတော် ဦးပါမောက္ခ ကို တွေ့ရစဉ်
Photo: Khaymani Win/ RFA

စစ်ကိုင်းမြို့ မင်းကွန်းတောင်ရိုး ဓမ္မစေတီအောင်မြေဘုံကျော် ကျောင်းတိုက်အတွင်း ဖွင့်လှစ်ထားတဲ့ အကယ်ဒမီပညာရေးစင်တာမှာ အခုလ ၈ ရက်နေ့ကဖြစ်ပွားခဲ့တဲ့ ဘာသာရေးကိစ္စနဲ့ပတ်သက်ပြီး ကိုးကွယ်ရာ ဘာသာရေးကို စိတ်ဓာတ်နာကြည်းအောင် တမင်ကျူးလွန်တဲ့ပြုလုပ်မှုများဆိုတဲ့ ပုဒ်မ ၂၉၅ (က) နဲ့ ခရစ်ယာန်တရားဟောဆရာကို တရားစွဲဆိုပေးဖို့ ဦးတိုက်လျှောက်ထားမှုကို တရားရုံးက လက်ခံလိုက်တယ်လို့ မကွေးကျောင်း ဆရာတော် ဦးပါမောက္ခက မိန့်ကြားပါတယ်။

အဲဒီကျောင်းတိုက်အတွင်းက သာမဏေတွေ၊ သီလရှင်တွေနဲ့ ကျောင်းသူ၊ ကျောင်းသားတွေကို လက်အုပ်ချီစေပြီး ခရစ်ယာန် တရားဟောဆရာ ၁ ဦးက ဆုတောင်းဟောပြောတာတွေကို ပြုလုပ်ခဲ့တဲ့ ဗွီဒီယိုဖိုင်က လူမှုကွန်ရက် ဖေ့ဘွတ်စ်အင်တာနက် စာမျက်နှာမှာ ပျံ့နှံ့ထွက်ပေါ်လာခဲ့ပြီး ဝေဖန်မှုတွေ မြင့်တက်လာခဲ့ပါတယ်။

တာဝန်ရှိတဲ့ မြို့နယ်သာသနာရေးမှူးတွေက အဲဒီကိစ္စအပေါ် အရေးယူတာတွေ မလုပ်တဲ့အတွက် ဘာသာရေးပြဿနာတွေမဖြစ်ဖို့ အခုလို တရားစွဲဆိုရတာလို့ ဦးပါမောက္ခက မိန့်ကြားပါတယ်။

ဒီအမှုအတွက် အဲဒီကျောင်းတိုက်မှာရှိတဲ့ ဆရာ၊ ဆရာမတွေကို သက်သေအဖြစ် ထည့်ထားပြီး လာမယ့် ဒီဇင်ဘာလ ၂၀ ရက်နေ့မှာ တရားရုံးချိန်း ပြန်လည်ချိန်းဆိုထားတယ်လို့ သိရပါတယ်။

ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းပေါ်မှာ တခြားဘာသာရေးတံဆိပ် ကိုင်ဆောင်ဟောပြောတာနဲ့ ပတ်သက်လို့ ကျူးလွန်ပြုလုပ်ခဲ့တဲ့ ရဟန်းတော်နဲ့ လူပုဂ္ဂိုလ်တွေကို နိုင်ငံတော် သံဃမဟာနယကအဖွဲ့ရဲ့ လုပ်ထုံးလုပ်နည်းနဲ့အညီ အရေးယူပေးဖို့နဲ့ အဲဒီပညာရေးစင်တာကို အသိမှတ်ပြုခွင့်ပြုထားတာ မရှိကြောင်းကိုလည်း မြို့နယ်သံဃာနာယကအဖွဲ့ကို ရပ်ကျေးသံဃာ့နာယကအဖွဲ့က ဒီနေ့ အသိပေးအကြောင်းကြားစာ ပေးပို့ထားတယ်လို့ သိရပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မခေမဏီဝင်း ပေးပို့လိုက်တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။