ပညာရေးဝန်ထမ်းတွေကို နာမည်တပ်ပြီး ပြည်ပခရီးစဉ် ဖိတ်ကြားခွင့်မပြု
2017.12.22
ပညာရေးဝန်ကြီးဌာနအောက်က ဌာနအသီးသီးက ဝန်ထမ်းတွေကို ပြည်ပကို သွားရောက်ရမယ့် ပညာသင်၊ သင်တန်း၊ အစည်အစည်းအဝေး စတာတွေနဲ့ပတ်သက်ပြီး ဖိတ်ကြားလာတဲ့အခါ နာမည်တပ်ပြီး ဖိတ်ကြား တာတွေကို ခွင့်မပြုဘူးလို့ ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာနက ဒီဇင်ဘာ၂၀ ရက်စွဲနဲ့ သတင်းထုတ်ပြန်ပါတယ်။
အရင်အစိုးရလက်ထက်တုန်းက အဲဒီလိုခွင့်ပြုခဲ့ပေမဲ့ အခုတော့ အစိုးရရဲ့ မူဝါဒအနေနဲ့ သတ်မှတ်ပြီး ခွင့်မပြုတော့တာဖြစ်တယ်လို့ ပညာရေးဝန်ကြီးဌာန သုတေသနနှင့် လေ့ကျင့်ရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်း က ပြောပါတယ်။
"အဲဒါက နိုင်ငံတော်ရဲ့ ပေါ်လစီဖြစ်သွားတယ်။ By Name နဲ့ ဖိတ်လို့မရတော့ဘူး။ ဖိတ်လို့မရဘဲ ဘာနဲ့ဖိတ်ရမလဲဆိုတော့ ဥပမာ criteria တစ်ခုချပေးရမှာပေါ့နော်။ ဘယ်လိုလူမျိုးဖြစ်ရမယ်ဆိုတဲ့ အဲလိုမျိုး။ အရင်ကတော့ မောင်ဘယ်သူ၊ မဘယ်သူကို ဒီဟာ ပညာသင်ဆုပေးဖို့ ခေါ်ပါတယ်ဆိုပြီး အဲလိုမျိုးကို ဘယ် seminar တက်ဖို့ဆိုပြီးခေါ်တာကို အရင်အစိုးရတုန်းကတော့ ခွင့်ပြုတယ်။ အခု ဒီအစိုးရမှာတော့ ခွင့်မပြုတော့ဘူး"
နာမည်တပ်ပြီးဖိတ်တဲ့အခါ တခြားဝန်ထမ်းတွေအနေနဲ့ ယှဉ်ပြိုင်ရွေးချယ်ခံခွင့် မရှိတာကြောင့် နောက်ပိုင်းမှာ အများယှဉ်ပြိုင်ရွေးချယ်ခံခွင့်ရှိအောင် အခုလို ထုတ်ပြန်တာဖြစ်တယ်လို့လည်းပြောပါတယ်။
ပြည်ပနိုင်ငံတွေကို သင်တန်း၊ ပညာသင်၊ ဆွေးနွေးပွဲ၊ အစည်းအဝေး၊ စာတမ်းဖတ်ပွဲ၊ ညီလာခံ၊ ဖိုရမ်၊ ချစ်ကြည်ရေး၊ လေ့လာရေးခရီးစဉ် စတာတွေကို စေလွှတ်ဖို့ တင်ပြတဲ့အခါမှာ နာမည်တပ်ပြီး By Name နဲ့ ဖိတ်လာတာတွေကို တွေ့ရှိရတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ပညာရေးဝန်ကြီးဌာနအနေနဲ့ အဲဒီလိုဖိတ်ကြားလာတဲ့ ပြည်ပခရီးတွေကို ခွင့်မပြုဘူးလို့ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။