ဦးတေဇသမီးကို အခြေချနေထိုင်ခွင့်မပြုဖို့ အီတလီအစိုးရကို JFM တောင်းဆို

RFA Burmese
2024.03.08
ဦးတေဇသမီးကို အခြေချနေထိုင်ခွင့်မပြုဖို့ အီတလီအစိုးရကို JFM တောင်းဆို ထူးကုမ္ပဏီအုပ်စုပိုင်ရှင် ဦးတေဇနှင့် သူ၏မိသားစုဝင်များအား တွေ့ရစဉ်။
Justice For Myanmar

အီးယူ ဥရောပသမဂ္ဂက ဒဏ်ခတ်ပိတ်ဆို့ထားတဲ့ ထူးကုမ္ပဏီအုပ်စုပိုင်ရှင် ဦးတေဇရဲ့သမီးဖြစ်သူ ရေချယ်တေဇ ခေါ် ထူးထွေးတေဇကို အီတလီနိုင်ငံမှာ အခြေချခွင့်မပြုဖို့နဲ့ သူ့ရဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်ဖို့ Justice For Myanmar (JFM) အဖွဲ့က အီတလီအစိုးရကို တောင်းဆိုလိုက်ပါတယ်။

ရေချယ်တေဇဟာ ထူးကုမ္ပဏီအုပ်စုဝင် ကုမ္ပဏီတွေမှာ ဒါရိုက်တာနဲ့ ရှယ်ယာရှင်အဖြစ် ပါဝင်နေတဲ့အပေါ် စုံစမ်းစစ်ဆေးပေးဖို့၊ သူပိုင်ဆိုင်တဲ့ ပစ္စည်းတွေကိုပါ ထိန်းသိမ်းဖို့နဲ့ အီတလီနိုင်ငံကနေပါ ဖယ်ရှားပေးဖို့အတွက် ပြင်သစ်ရှေ့နေတွေဖြစ်တဲ့ William Bourdon နဲ့ Lily Ravon တို့က Justice For Myanmar အဖွဲ့ ကိုယ်စားပြုပြီး အီတလီ အာဏာပိုင်တွေကို မတ်လ ၄ ရက်နေ့မှာ သတင်းပေးတိုင်ကြားခဲ့တယ်လို့ JFM ရဲ့ မတ်လ ၈ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရေချယ်တေဇဟာ အီတလီနိုင်ငံမှာ နေထိုင်ပြီး အီးယူက ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ထာတဲ့ မိသားစုပိုင် ထူးကုမ္ပဏီပိုင် စီးပွားရေးလုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်နေတယ်လို့လည်း ရေးသားထားပါတယ်။

မီလန်မြို့မှာ နေထိုင်နေတဲ့ ရေချယ်တေဇဟာ အဲဒီမြို့မှာရှိတဲ့ ဖက်ရှင်သင်တန်းကျောင်းကနေ မကြာသေးခင်က ကျောင်းပြီးခဲ့ပြီး သူ့ကို ထူးကုမ္ပဏီများအုပ်စုက အမြတ်အစွန်းတွေနဲ့ ထောက်ပံ့ခဲ့တယ်လို့လည်း JFM က ဆိုပါတယ်။

သူဟာ အီတလီမှာရှိစဉ်တစ်လျောက် စစ်တပ်အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်းမှာ တည်ထောင်ခဲ့တဲ့ ကုမ္ပဏီအသစ်တွေနဲ့ မြန်မာစစ်တပ်နဲ့ တိုက်ရိုက်စီးပွားရေးလုပ်ငန်းတွေရှိတဲ့ ကုမ္ပဏီတွေအပါအဝင် အနည်းဆုံး ထူးအုပ်စု ကုမ္ပဏီ ခုနစ်ခုမှာ ဒါရိုက်တာအဖြစ် ဆောင်ရွက်နေသလို ရှယ်ယာတွေလည်း ဆက်လက် ပိုင်ဆိုင်ထားတယ်လို့ ထောက်ပြထားပါတယ်။

JFM ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က မြန်မာစစ်တပ်ကို အားပေးကူညီခဲ့တဲ့ ထူးကုမ္ပဏီအုပ်စုနဲ့အတူ ရေချယ်တေဇကိုလည်း ဒဏ်ခတ်ပိတ်ဆို့အရေးယူဖို့ တိုက်တွန်းပါတယ်။

အီတလီအာဏာပိုင်တွေအနေနဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို အသက်ဝင်လည်ပတ်အောင် ကြပ်မတ်ဆောင်ရွက်မှု အားနည်းတာတွေက ရေချယ်တေဇကို တရားမဝင်၊ ဥပဒေနဲ့မညီတဲ့ စစ်အုပ်စုအတွက် ဘဏ္ဍာငွေပေးအပ်တဲ့ စီးပွားရေးလုပ်ငန်းတွေကို အီတလီနိုင်ငံကနေ လုပ်ဆောင်နိုင်ဖို့ ခွင့်ပြုပေးခဲ့တာပဲ ဖြစ်ပါတယ်။ ရေချယ်တေဇနဲ့ ၎င်းရဲ့မိသားစုတွေဟာ မြန်မာစစ်တပ်ရဲ့ အဆုံးအစမဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ထူးကုမ္ပဏီအုပ်စုမှတဆင့် အားပေးကူညီခဲ့ပြီး၊ မြန်မာပြည်သူလူထု အသက်သွေးချွေးတွေပေါ်ကနေ အကျိုးအမြတ်တွေ ရရှိခဲ့ကြပါတယ်။ ရေချယ်တေဇကို အီးယူဒဏ်ခတ်ပိတ်ဆို့မှုတွေနဲ့အညီ တရားဥပဒေရှေ့မှောက်မှာ တာဝန်ခံစေသင့်ပါတယ်။ အီတလီ နိုင်ငံအနေနဲ့ ၎င်းအပါအဝင် အခြားမည်သည့်မြန်မာခရိုနီကိုမှ ၎င်းတို့ရဲ့ သွေးစွန်းစီးပွားရေးလုပ်ငန်းတွေကို အီတလီမြေပေါ်ကနေ မလုပ်ဆောင်နိုင်စေရေး ကြီးကြပ်ဆောင်ရွက်ဖို့ လိုအပ်ပါတယ်"

ရေချယ်တေဇဟာ မြန်မာစစ်တပ်အတွက် ရုရှားစစ်လေယာဉ်တွေနဲ့ အပိုပစ္စည်းတွေ တင်သွင်းထောက်ပံ့တဲ့ စစ်လက်နက်ပွဲစား ကုမ္ပဏီတစ်ခုဖြစ်ပြီး မကြာခင်ကမှ ဖျက်သိမ်းခဲ့တဲ့ Myanmar Avia Export ကုမ္ပဏီရဲ့ ဒါရိုက်တာနဲ့ ရှယ်ယာရှင်တစ်ဦးဖြစ်တယ်လို့လည်း ဆိုပါတယ်။ JFM ရဲ့ ကြေညာချက်နဲ့ပတ်သက်ပြီး ရေချယ်တေဇ ထံ ဆက်သွယ်ဖို့ RFA အနေနဲ့ ကြိုးစားနေဆဲဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုကလည်း သူ့ကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့က ဒဏ်ခတ်ပိတ်ဆို့ မှုတွေ ချမှတ်ခဲ့သလို အစ်ကိုဖြစ်တဲ့ ကိုပြည့်ဖြိုးတေဇနဲ့ ကိုထူးထက်တေဇတို့ကိုလည်း အီးယူ၊ အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်နဲ့ ကနေဒါနိုင်ငံတွေက ဒဏ်ခတ် ပိတ်ဆို့မှုတွေ ချမှတ်ထားပါတယ်။

ထူးကုမ္ပဏီအုပ်စုဟာ စစ်ကောင်စီအတွက် ဘဏ္ဍာငွေ၊ စစ်လက်နက်နဲ့ ဆက်စပ်ပစ္စည်းတွေ ထောက်ပံ့ပေးနေပြီး လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို အားပေးကူညီနေတဲ့ စစ်တပ်ရဲ့ နိုင်ငံတကာစီးပွားရေး ကွန်ရက်မှာ အရေးပါတဲ့ ကြားခံကုမ္ပဏီတစ်ခုလို့ ရေးသားထားပါတယ်။ ရေချယ်တေဇအပြင် ထူးကုမ္ပဏီအုပ်စုနဲ့ ဆက်စပ်တဲ့ ကုမ္ပဏီတွေ၊ လူပုဂ္ဂိုလ်တွေအပြင် မြန်မာစစ်တပ် ဆက်နွယ်တဲ့ စစ်လက်နက်ပွဲစားအားလုံးကို ဒဏ်ခတ်ပိတ်ဆို့အရေးယူဖို့လည်း တိုက်တွန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။