NLD သင်တန်းကိစ္စ ဦးတေဇ ရှင်းလင်း


2015.12.24

NLD ပါတီက ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ်တွေကို နေပြည်တော်မှာ သင်တန်းပေးရာမှာ ထူးကုမ္ပဏီ ဦးတေဇ ရဲ့ ရွှေစံအိမ်ဟိုတယ်ကို အသုံးပြုခွင့်ပြုခဲ့တဲ့ကိစ္စ၊ အဲ့ဒီနောက် သင်တန်းကို တခြားနေရာရွှေ့ပြောင်းခဲ့တဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး၊ ဦးတေဇက ထူးကုမ္ပဏီဝန်ထမ်းတွေကို ရှင်းလင်းတဲ့ စာတစ်စောင်ကို ဒီဇင်ဘာ ၂၁ ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်ခဲ့ပါတယ်။

အဲ့ဒီထုတ်ပြန်တဲ့စာမှာ ကိုယ်စားလှယ်တွေ သင်တန်းပေးရေးအတွက် NLD က အကူအညီတောင်းခံခဲ့တဲ့အတွက် ဦးတေဇက ဗိုလိချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ၊ ဒု ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးအေးနဲ့ သမ္မတ ဦးသိန်းစိန်တို့ထံ ဦးဆုံးတင်ပြခဲ့ရာမှာ၊ ကန့်ကွက်သူမရှိလို့ ရွှေစံအိမ်ဟိုတယ်ကို အသုံးပြုခွင့်ပြုပေးခဲ့ကြောင်း၊ ဒီဇင်ဘာလ ၁၈ ရက်နေ့ကတော့ သမတရုံးအတွင်းဝန် ဦးဇော်သန်းသင်းက သင်တန်းကို ရွှေ့ပြောင်းဖို့ ဖုန်းနဲ့အကြောင်းကြားပြီး၊ ၂၁ ရက်နေ့ကလည်း ဟိုတယ်ခရီးသွားဝန်ကြီး ဦးဇေယျာအောင်က သင်တန်းကို ရွှေ့ခိုင်းခဲ့တယ်လို့ ဆိုပါတယ်။

အခုလို အာဏာပိုင်တွေက သင်တန်းကို ရွေ့ခိုင်းလာတာကို ငြင်းပယ်ခဲ့တယ်လို့ ဦးတေဇရဲ့ သဘောထား မှတ်ချက်စာမှာ ဖေါ်ပြထားပါတယ်။ ဒီသင်တန်းဟာ တိုင်းပြည်အကျိုးပြု သင်တန်းဖြစ်တယ်လို့ နားလည်တာကြောင့် လက်ခံကူညီတာဖြစ်တယ်လို့ ဆိုပါတယ်။

NLD ကိုယ်စားလှယ်တွေကို သင်တန်းပေးနေတဲ့ တရားရုံးချုပ်ရှေ့နေ ဦးကိုနီကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး မိမိတို့ မသိရှိကြောင်း ပြောပါတယ်။

"ဘယ်သူ့ကိုမှ ကျနော်တို့ မတားပါဘူး၊ နေပြည်တော်မှာ ကျနော်တို့ ၆ ရက်တောင် သင်တန်းပေးခဲ့ပြီးပါပြီ၊ အထက်ဗမာပြည်တောင် ပြီးသလောက်ရှိနေပါပြီ၊ ယေဘုယျ လွှတ်တော်အမတ် လုပ်မယ့်လူတွေနဲ့ဆိုင်တဲ့ အကြောင်းအရာလေးတွေ၊ သိထားသင့်တဲ့အကြောင်းအရာလေးတွေ အဲ့ဒီတော့ ဘယ်သူ့မှ ဘာမှလည်း မထိခိုက်ပါဘူးဗျ၊ အတော်ကောင်းတဲ့အလုပ်ပဲ တိုင်းပြည်အကျိုးသယ်ပိုးမယ့်လူတွေကို အရည်အချင်းရှိအောင် ပညာသင်ကြားပို့ချပေးတယ်"

ဦးတေဇရဲ့ ထူးကုမ္ပဏီဝန်ထမ်းတွေကို ရှင်းလင်းတဲ့စာမှာ ထူးကုမ္ပဏီအပေါ် အစိုးရက အကန့်အသတ်တွေ ချမှတ်ခဲ့ပြီး တချို့လုပ်ငန်းတွေ လုပ်ကိုင်ခွင့်မရပဲဖြစ်နေတာကြောင့် ပြည်တွင်းဒဏ်ခတ်အရေးယူမှုနဲ့ ရင်ဆိုင်နေရတယ်လို့လည်း ဖေါ်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။