တော်ဝင် သစ်အချောထည်စက်ရုံ အလုပ်သမားဆန္ဒပြ

ရန်ကုန်တိုင်း၊ ဝါးတစ်ရာစက်မှုဇုန်မှာရှိတဲ့ တော်ဝင် သစ်အချောထည် စက်ရုံမှာ စက်ရုံဝင်းအတွင်းရော အပြင်မှာပါ အလုပ်သမား ၄၀၀ နီးပါးလောက်က အလုပ်ရှင်၊ အလုပ်သမားကြား နှစ်ဖက်သဘောတူ ချုပ်ဆိုထားတဲ့ အချက် (၈) ချက်ပါဝင်တဲ့ စာချုပ်ကို အလုပ်ရှင်ဘက်က မလိုက်လျောလို့ ဒီကနေ့ ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။

2012.09.24
taw-win-workers-protest-b305 ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၂၄ရက်က ရန်ကုန်တိုင်း ဝါးတစ်ရာစက်မှုဇုန်ရှိ တော်ဝင် သစ်အချောထည် စက်ရုံအလုပ်သမားများ ဆန္ဒပြ တောင်းဆိုနေစဉ်
Photo: RFA

စက်ရုံတွင်း ဖွဲ့စည်းထားတဲ့ အလုပ်သမား အဖွဲ့အစည်းတွေကို ပြိုကွဲနိုင်တဲ့ ရည်ရွယ်ချက်မျိုးတွေနဲ့ လုပ်တဲ့ကိစ္စတွေကိုလည်း အလုပ်သမားတွေက မကျေနပ်ကြဘူးလို့ ဆန္ဒပြတောင်းဆိုတဲ့ အလုပ်သမားတစ်ဦးက RFA ကို အခုလို ပြောပါတယ်။

"အလုပ်သမားတွေက တောင်းဆိုထားတယ်လေ။ အချက် (၈) ချက်ကို မြို့နယ်လူကြီးတွေရှေ့မှာ လက်မှတ်ထိုးပြီး သဘောတူပြီးမှ ဘာမှလိုက်လျော မပေးဘူးပေါ့နော်။ အဲဒါတွေကို အလုပ်သမားတွေက ဒီနေ့ ဆန္ဒဖော်ထုတ်တာပေါ့။ အလုပ်သမားအဖွဲ့အစည်း ပျက်စီးသွားအောင် ရည်ရွယ်ချက်နဲ့ ဒီခေါင်းဆောင်ပိုင်းတွေရော၊ အဖွဲ့ဝင်တွေကိုရော အပြင်ဆိုဒ်တွေကို လူပြန့်သွားအောင် ရည်ရွယ်ချက်နဲ့ သူတို့က လွှတ်တယ်ပေါ့။ အဲဒါတွေကိုလည်း အလုပ်သမားတွေက လက်မခံချင်ဘူးပေါ့နော်"

တော်ဝင်သစ်အချောထည် စက်ရုံမှာ အလုပ်သမား ၇၀၀ နီးပါးခန့်ရှိပြီး စက်တင်ဘာလ (၁၃) ရက်နေ့မှာ စက်ရုံတွင်း အလုပ်သမား (၅၀) နီးပါးလောက်က အချက် (၈) ချက်ကို နောက်ဆုံးဆန္ဒပြ တောင်းဆိုခဲ့ရာမှာ အလုပ်ရှင်ဘက်က လိုက်လျောဖို့ သဘောတူညီခဲ့ပေမယ့် အခုအချိန်အထိ မရသေးတဲ့အတွက် အလုပ်သမားတွေက ဒီနေ့ထပ်မံ ဆန္ဒပြ တောင်းဆိုကြတာ ဖြစ်ပါတယ်။

အလုပ်သမားတွေ တောင်းဆိုထားတဲ့ အချက်တွေကတော့ အလုပ်သမားရေးရာ ညှိနုှိုင်းရေးကော်မတီ ဖွဲ့စည်းပေးရေး၊ လူမှုဖူလုံရေးကတ်တွေကို တစ်ပတ်အတွင်း ထုတ်ပေးရေး၊ အများပြည်သူ အလုပ်ပိတ်ရက်တွေမှာ အလုပ်ခိုင်းရင် တစ်နေ့တာရဲ့ လုပ်ခကို နှစ်ဆပေးရေး စတဲ့အချက်တွေ အပါအဝင် အချက် (၈) ချက်ကို တောင်းဆိုခဲ့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။