တော်ဝင်စက်ရုံက ပဋိပက္ခတွေကို ခုံသမာဓိရုံးက ကြားဝင်ဆောင်ရွက်
2012.11.11

ခုံသမာဓိရုံးရဲ့ ဆုံးဖြတ်ချက်ကို အလုပ်ရှင်ဘက်က သဘောတူလိုက်လျောလာတဲ့အထိ ဆက်လက်ကြိုးပမ်း သွားမယ်လို့ အလုပ်သမား တစ်ဦးဖြစ်သူ ကိုနေလင်းဦးက သတင်းစာရှင်းလင်းပွဲမှာ အလုပ်သမားတွေရဲ့ ဆုံးဖြတ်ချက်ကို ကြေညာခဲ့ပါတယ်။
"ခုံသမာဓိရုံးက ဆန္ဒပြတောင်းဆိုတဲ့ တောင်းဆိုချက်ကို ဆုံးဖြတ်ပေးပါတယ်။ တချို့ ဆုံးဖြတ်ချက်တွေဆိုရင် ဥပဒေနဲ့ အညီ ပိုမိုပါဝင်ပါတယ်။ တောင်းဆိုချက် အားလုံးနီးပါးကို အလုပ်သမားတို့ အနိုင်ရပါတယ်။ ဒါကြောင့် သပိတ်ကို ဆက်မမှောက်တော့ပဲ ခုံရုံးဆုံးဖြတ်ချက်ကို ပိုင်ရှင်မှ လိုက်နာဖို့ ကြိုးပမ်းသွားပါမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်"
တော်ဝင်စက်ရုံ အလုပ်သမားသပိတ် ရုပ်သိမ်းပွဲ ကြေညာချက်ကို တော်ဝင် သစ်အချောထည် စက်ရုံက အလုပ်သမားတစ်ဦးဖြစ်သူ မအိဇာဖြူက အခုလို ဖတ်ပြပါတယ်။
" ဒီနေ့ ဒီရက်တွင် မိမိတို့အား ထောက်ပံ့ ပံ့ပိုးခဲ့ကြသော ပြည်သူလူထုကြီး ရှေ့မှောက်၌ တရားမျှတသော တောင်းဆိုချက်များကို ရရှိခဲ့ပါသည်။ တရားမျှတရေး လှုပ်ရှားမှုအပေါင်းက အမှောင်ထုကို ဖြိုခွင်းပြီး၊ ဖိနှိပ်မှုတွေအပေါ် အောင်ပွဲခံနိုင်ခဲ့ပြီ ဖြစ်သောကြောင့် မိမိတို့၏ သပိတ်တိုက်ပွဲနဲ့ အစာငတ်ခံ တောင်းဆိုမှုများကို အောင်မြင်စွာ ရုပ်သိမ်းကြောင်း ကြေငြာအပ်ပါသည်"
ဒီဆုံးဖြတ်ချက်ကို အလုပ်သမားတွေဘက်က ကျေနပ်မှုရှိတဲ့အတွက် မရမ်းကုန်းမြို့နယ် တိုင်းအလုပ်သမားရုံးရှေ့မှာ နေ့စဉ်ရက်ဆက် ဆန္ဒပြနေတာကို ဒီကနေ့မှာ ရပ်တံ့ပေးလိုက်ပြီး အလုပ်သမားသပိတ် ပိတ်သိမ်းပွဲအဖြစ် သတင်းစာရှင်းလင်းပွဲ တစ်ရပ်ကိုလည်း ပြုလုပ်ခဲ့ပါတယ်။
အလုပ်သမားတွေဘက်က ဆန္ဒပြတောင်းဆိုတဲ့ အချက်တွေထဲမှာ စက်ရုံအလုပ်သမားတွေကို အလုပ်ရှင်ဘက်က လူမှုဖူလုံရေးကဒ် တစ်ပတ်အတွင်းထုတ်ပေးဖို့၊ အလုပ်သမားတွေကို အသိမပေးဘဲ စည်းကမ်းချက်တွေကို မထုတ်ပြန်ဖို့၊ အလုပ်သမားတွေကို အသိမပေးဘဲ တစ်ခြားစက်ရုံခွဲတွေကို မပို့ဖို့၊ အလုပ်ရှင်နဲ့ အလုပ်သမား သဘောတူစာချုပ် ချုပ်ဆိုဖို့ စတဲ့ အချက်တွေ ပါဝင်ပါတယ်။