တော်ဝင်မြန်မာ ဇာပန်းထိုးစက်ရုံက အလုပ်သမားများ ထပ်မံအထုတ်ခံရ
2013.01.25

စောစောပိုင်းက အလုပ်သမားကိုယ်စားလှယ် ၇ ဦး အလုပ်အထုတ်ခံရတာဟာ အပြစ်မရှိဘဲ အထုတ်ခံရတာဖြစ်တယ်ဆိုတာ မှန်ကန်ကြောင်း စက်ရုံထဲက အလုပ်သမားတွေရဲ့ လက်မှတ်တွေကို လိုက်လံစုဆောင်းပေးတဲ့အတွက် အလုပ်ရှင်ဘက်က မကျေနပ်လို့ အပြစ်ရှာပြီး အလုပ်ထုတ်လိုက်တာဖြစ်တယ်လို့ ထပ်မံအလုပ်ထုတ်ခံရတဲ့ မသူဇာလင်းက RFA ကို အခုလို ပြောပါတယ်။
"ဆယ်နာရီခွဲကျော်လောက်မှာ သူတို့ကခေါ်ပြီးတော့ ဝမ်တိန်ခေါ် ထိုးခိုင်းတယ်၊ အဲ့ဒါနဲ့ ကျွန်မက မထိုးနိုင်ဘူးလို့၊ ကုမ္ပဏီဘက်က ပိုပါသွားတာမဟုတ်ဘူး၊ လိုင်းထဲက ကလေးတွေကျေနပ်ရင် မပြီးဘူးလားလို့ပြောတော့ အဲ့ဒါဆိုရင် လိုင်းစားလုပ်လို့ပြောတယ်၊ နှစ်မျိုးလုံးမလုပ်နိုင်ဘူးလို့ ပြောလိုက်တော့ အဲ့ဒါဆို နင်ကိုထုတ်တယ်တဲ့"
တော်ဝင်မြန်မာ ဇာပန်းထိုး စက်ရုံက ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈ ရက်နေ့က အလုပ်သမား ကိုယ်စားလှယ် ၇ ဦးကို အခြေခံအလုပ်သမား အဖွဲ့အစည်းတွေ ဖွဲ့စည်းတာတွေနဲ့ သမဂ္ဂအဖွဲ့အစည်းတွေမှာ ပါဝင်တဲ့အတွက် အလုပ်သမားတွေကို အဖွဲ့အစည်းဝင်ငွေကြေးကို အလုပ်ရုံထဲမှာ ကောက်ခံတာကို အကြောင်းပြပြီး အလုပ်ထုတ်ခံခဲ့ရတာလို့ အထုတ်ခံရတဲ့ အလုပ်သမားတွေထံက သိရပါတယ်။
အခုဆိုရင် အလုပ်ထုတ်ခံရတဲ့ အလုပ်သမား ကိုယ်စားလှယ် ၇ ဦးဟာ အလုပ်သမားဖြေရှင်းရေး သမာဓိခုံရုံးကို တိုင်ကြားထားပြီး မနေ့က အထုတ်ခံရတဲ့ အလုပ်သမား မသူဇာလင်းကတော့ သက်ဆိုင်ရာ အလုပ်သမားရုံးကို တိုင်ကြားထားတယ်လို့ သိရပါတယ်။