ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေး အီတာလျံ-ထိုင်း ကုမ္ပဏီက ထပ်ညှိနှိုင်းမယ်
2012.01.13

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃ဝ က မြန်မာအစိုးရ အမှတ် (၂) လျှပ်စစ်စွမ်းအင် ဝန်ကြီးက လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၄ဝဝဝ ထုတ်လုပ်မယ့် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံကို သဘာဝပတ်ဝန်းကျင် ထိခိုက်မှု အန္တရာယ်ကြောင့် ဆောက်လုပ်တော့မှာ မဟုတ်ကြောင်း သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် ဒီစီမံကိန်းကို တာဝန်ယူ ဆောင်ရွက်နေတဲ့ အီတာလျံ-ထိုင်း ကုမ္ပဏီအနေနဲ့ အစိုးရဆီက တရားဝင် အကြောင်းကြားစာ မရသေးဘူးလို့ ကုမ္ပဏီရဲ့ ထားဝယ်စီမံကိန်း ဆိုင်ရာ ညွှန်ကြားရေးမှူး မစ္စတာ ဆွန်ချက်က ပြောပါတယ်။
မြန်မာအစိုးရရဲ့ဆုံးဖြတ်ချက်ဟာ အသုံးပြုမယ့် လောင်စာအပေါ်မှာသာ အဓိက အခြေခံတာဖြစ်လို့ လောင်စာကိစ္စ ထပ်မံညှိနှိုင်းရမှာ ဖြစ်တယ် လို့ ဆိုပါတယ်။ ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေး အတွက် အီတာလျံ-ထိုင်း ကုမ္ပဏီဟာ ရက်ချာဘူရီ လျှပ်စစ်ကုမ္ပဏီနဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာလက သဘောတူစာချုပ် ချုပ်ဆိုခဲ့ရာမှာ ကျောက်မီးသွေး လောင်စာသုံးစက်ရုံ တည်ဆောက်ဖို့ ဖြစ်ပါတယ်။ အခု လောင်စာကို ပြောင်းလဲ သုံးစွဲရတော့မယ်ဆိုရင် ရက်ချာဘူရီ ကုမ္ပဏီအနေနဲ့ တွက်ချက်မှုတွေ ထပ်လုပ်ရတော့မယ်လို့ မစ္စတာ ဆွန်ချက်က ပြောပါတယ်။
ကျောက်မီးသွေးအစား အိန္ဒိယ သမုဒ္ဒရာထဲက သဘာဝဓာတ်ငွေ့ကို ပြောင်းလဲ သုံးစွဲနိုင်တယ်လို့ အီတာလျံ-ထိုင်း ကုမ္ပဏီက ဆိုပါတယ်။ ဒါပေမယ့် ထိုင်းအစိုးရ ရေနံကုမ္ပဏီကြီးဖြစ်တဲ့ PTT ကတော့ ဓာတ်အားပေးစက်ရုံအနီးမှာ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းရယ်လို့ လုံးဝ မရှိတဲ့အတွက် သိပ်တော့ လွယ်ကူမှာမဟုတ်ဘူးလို့ ပြောဆိုပါတယ်။